
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်ရွယ်ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ အသက်မွေး ဝမ်းကြောင်း သင်တန်းဆင်းပွဲကို ဇွန်လ၂၆ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် ရှေ့တန်းစခန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက သင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို လက်တွေ့အသုံးချကာ မြို့နယ်အတွင်း မွေးမြူးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်နှင့် သင်ယူလေ့လာခဲ့ရသည့် မွေးမြူရေးဆိုင်ရာပညာရပ်များကို မိမိတို့ရပ်ရွာရှိ ပြည်သူများကို လက်ဆင့်ကမ်းမျှဝေ သင်ကြားပြသပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးလက်နေပြည်သူများ တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် စနစ်တကျ မွေးမြူနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)မှ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းတွင် ကျွဲ၊ နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ တိုင်းရင်းကြက် မွေးမြူရေးနှင့် ဘဲမွေးမြူရေးဆိုင်ရာ လုပ်ငန်းများနှင့် ပက်သက်ပြီး စနစ်တကျမွေးမြူနည်းများ၊ တိရစ္ဆာန် ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ကုသနည်း များကို ဇွန် ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၂) ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)