ပြည်ထောင်စုအဆင့်သတင်း လယ်ယာပြန်ကြားရေး သတင်းကဏ္ဍ

ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ သတင်းစာရှင်းလင်းပွဲ

ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

  သတင်းစာရှင်းလင်းပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ကျေးလက်ဒေသများကို အခြေခံထားကာ အကောင်အထည် ဖော် ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည် နှင့်အညီ တစ်ဖက်တွင် လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည် ဖြစ်ကြောင်း၊ လူမှုစီးပွား ဘဝ တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ စီးပွားရေး လည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။
ယင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍအပြင် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်း ဆောင်ရွက်ပေးရပါကြောင်း၊ လက်ရှိအနေအထားတွင် နိုင်ငံ၏စီးပွားရေး၌ လယ်ယာ ကဏ္ဍသည် ၁၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍ၌ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိ၍ နိုင်ငံ့စီးပွားရေး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းတွင် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရပါ ကြောင်း၊ လယ်ယာ၊ သားငါးထုတ်ကုန်ကဏ္ဍ၌ နိုင်ငံ့ပို့ကုန် တွင် ၃၀ ရာခိုင်နှုန်း ရှိပါကြောင်း။
အခွင့်အလမ်းများ တိုးတက်ရရှိနိုင်ရန်
လယ်ယာမြေယာစီမံခန့်ခွဲမှုအပိုင်းအနေဖြင့် ယခင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၏ အားနည်းချက်၊ အကန့်အသတ် များကို ပြန်လည်သုံးသပ်ပြီး စိုက်ပျိုးမွေးမြူရေး တောင်သူ များ၏ အခွင့်အလမ်းများ တိုးတက်ရရှိနိုင်ရန် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းဥပဒေအရ တောင်သူများအတွက် ပုံစံ (၇) လက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ တောင်သူပေါင်း ၂၆၈၂၁၀ ၊ ဦးပိုင်ပေါင်း ၄၃၈၃၅၅ ခုနှင့် ဧရိယာ ၁၂၂၅၇၆၆ ဧက ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါ ကြောင်း။
ရေသယံဇာတစီမံခန့်ခွဲမှုအနေဖြင့် လယ်ယာကဏ္ဍ တွင် ရေစီမံခန့်ခွဲမှုအပိုင်းသည် အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ပြောင်းလဲသွားသည့် သဘာဝအနေအထားများအရ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များအပေါ် များစွာသက်ရောက်မှု ရှိလာပါကြောင်း၊ လယ်ယာမြေ ရေကြီးနစ်မြုပ်မှု လျော့ပါး သက်သာ စေရန် ချောင်းကော၊ မြောင်းကာ၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ပေး ခဲ့ပါ ကြောင်း၊ ၂၀၁၆- ၂၀၁၇ ခုနှစ်မှ ၂၀၁၉ – ၂၀၂၀ ခုနှစ်အထိ လုပ်ငန်းပေါင်း ၈၉ ခုကို ဆောင်ရွက် ပေးခဲ့သည့်အတွက် လက်ရှိတွင် စိုက်ပျိုးမြေဧရိယာ ဧက နှစ်သိန်းခွဲကို ရေကြီး နစ်မြုပ်မှုမှ လျော့ပါးသက်သာစေခဲ့ပါကြောင်း၊ စတုတ္ထ (၁)နှစ်တာကာလအတွင်း အချိန်တို အတွင်း အကျိုးဖြစ်ထွန်း အောင် ရေနုတ်မြောင်း ၂၅ မြောင်း တူးဖော်ခြင်းလုပ်ငန်းကို စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး ငါးခုတွင် ဆောင်ရွက်ပေးခဲ့သည့်အတွက် စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀၀၀ ကို ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာ စေပါကြောင်း။
ထို့အတူ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးများတွင် ယခင်နှစ် များစွာက တည်ဆောက် ခဲ့သည့် ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအတွက် တာပြုပြင်ခြင်း လုပ်ငန်းပေါင်း ၇၃ ခုကို ဆောင်ရွက်ပေး ခဲ့ပြီး စိုက်ပျိုးမြေဧက ၃ သိန်းကို ရေဘေးကာကွယ်ပေးနိုင်ခဲ့ ပါကြောင်း၊ ထို့ပြင် ဒေသအလိုက် ပင်လယ်ရေဝင်ရောက် သည့် ရေငန်တားတာများရှိပြီး ယင်းတာများ ကြံ့ခိုင်မှုရှိစေ ရန်အတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လုပ်ငန်းပေါင်း ၃၀ ကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည့်အတွက် စိုက်ပျိုးမြေဧရိယာဧက ၁ သိန်းခန့် ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပါကြောင်း။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စက်အားတိုးမြှင့်သုံးစွဲ အကောင်အထည်ဖော်မှုအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ် ရာတွင် မြေပြုပြင်ထွန်ယက်ခြင်းမှ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း လုပ်ငန်းအဆင့်ဆင့်အထိ ပုဂ္ဂလိကကဏ္ဍ ဝန်ဆောင်မှု လုပ်ငန်းများ ထွန်းကားလာစေရေး အတွက် ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြို့နယ်ပေါင်း ၉၇ ခုတွင် ပုဂ္ဂလိကစက်မှုလယ်ယာ ဝန်ဆောင်မှု အသင်း ၁၂၅ သင်း ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ နည်းပညာ ပေးခြင်း နှင့် သုတေသန ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအနေဖြင့် ဒေသရေမြေအလိုက် သင့်တော်သည့် အထွက်ကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင် ခြင်း၊ သဘာဝဘေး အန္တရာယ် ဒဏ်ခံနိုင်ခြင်း စသည့် လက္ခဏာများနှင့် ပြည့်စုံသည့် စပါးသီးနှံ အပါအဝင် သီးနှံ မျိုးသစ် ၃၇ မျိုးကို ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ မြေဆီလွှာနှင့် ရေအရည်အသွေး၊ ဓာတ်မြေဩဇာ အရည် အသွေးများ၊ အပင်နမူနာများ ဓာတ်ခွဲစစ်ဆေးပေးနိုင်ရန် အတွက် ဓာတ်ခွဲခန်းများကို ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တို့ တွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် တောင်သူလယ်သမားများအတွက် ဈေးကွက် ခိုင်မာမှုရှိစေရန် တောင်သူ – ပုဂ္ဂလိက – အသင်းအဖွဲ့များ အကြား ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ကျင့်သုံးရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လက်ရှိ ဧက ၂ သိန်းကို ဆောင်ရွက်ထားပါကြောင်း။
မွေးမြူရေးကဏ္ဍတွင် ကုန်သွယ်မှုနှင့် လုပ်ငန်းများ ချိတ်ဆက်ပြီး ကျွဲ၊ နွား နယ်စပ်ကုန်သွယ်မှုအတွက် ကွတ်ခိုင် မြို့နှင့် ကော့ကရိတ်မြို့တွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့် ကြည့်စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ခဲ့ပါကြောင်း၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့မည့် ကျွဲ ၇၅၄၂၆ ကောင်နှင့် နွား ၅၃၁၇၃၀ ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ ပါကြောင်း။

ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုများထိန်းချုပ်နိုင်ရေး၊ ရေယာဉ်များ အန္တရာယ် ကင်းရှင်းရေးနှင့် ငါးကုန်တက် အထိအမိ သိရှိရေးအတွက် ရေယာဉ်များ စောင့်ကြည့်ထိန်းသည့်စနစ် (Vessel Monitoring System – VMS) တပ်ဆင်အသုံးပြုရေး ဆောင် ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လေးနှစ်တာကာလအတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုသည် နှစ်စဉ်မြင့်တက်လျက် ရှိပြီး ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ပါကြောင်း။
ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးအနေဖြင့် ရာသီဥတုပြောင်းလဲ လာသည်နှင့် အညီ သောက်သုံးရေရှားပါးလာမှုကို ကြုံတွေ့လာရပါ ကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း ကျေးလက်ဒေသ သောက်သုံးရေရရှိရေးလုပ်ငန်း များကို ကျေးရွာပေါင်း ၃၆၇၂ ရွာတွင် ဆောင်ရွက်ခဲ့ရာ အိမ်ခြေ ၆ ဒသမ ၁၇ သိန်းနှင့် လူဦးရေ ၃ သန်းက အကျိုး ခံစားခဲ့ရပါကြောင်း၊ ကျေးလက်မီးလင်းရေးအတွက် အိမ်သုံးဆိုလာစနစ် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကျေးရွာ ၃၄၀၀ ကျော်တွင် အိမ်ခြေပေါင်း ၁၄၆၀၀၀ နှင့် အများပိုင်အဆောက်အဦ ၂၂၀၀၀ ကို တပ်ဆင်ပေးခဲ့ပြီး လူဦးရေ ၁ ဒသမ ၂၇ သန်းကျော်ကို အကျိုးပြုခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကျေးလက်ကုန်ထုတ် လမ်း ၆၉၄ မိုင် ၂ ဖာလုံနှင့် ကျေးလက်ကုန်ထုတ်တံတား ၇၀၇ စင်း တည်ဆောက်ပေးခဲ့ပါကြောင်း။
ကိုဗစ်-၁၉ ကြောင့် လယ်ယာ၊ သားငါးကဏ္ဍကြီးအပေါ် ရိုက်ခတ်လာသည့် သက်ရောက်မှု/ စိန်ခေါ်မှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် CERP စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက်အရ ဘဏ္ဍာငွေကျပ် ၉၂ ဒသမ ၆၁ ဘီလီယံကို ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်ပေါင်း ၂၈၇ မြို့နယ်တွင် ဇွန်လမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက ၁ သိန်း စီမံကိန်းအတွက် ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာပေါင်း ၁၇၀၀ တွင် ဇွန်လမှ စက်တင်ဘာလကုန် အထိ ဆောင်ရွက်မည့် ကျေးရွာ မ,တည် ရန်ပုံငွေစီမံကိန်း အတွက် ငွေကျပ်သန်း ၄၂၀၀၀ ၊ ငါးလုပ်ငန်းဦးစီးဌာနအနေ ဖြင့် မေလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် ငါးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ် သော မျိုးငါးနှင့် သားပေါက်များ ဖြန့်ဖြူးပေးခြင်းလုပ်ငန်းအတွက် ငွေကျပ် သန်း ၆၀၀၀ ၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ် တို့တွင် လယ်ယာသုံးစက်ကိရိယာဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်း ၁၂၅၆ ဒသမ ၈၅ သန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး

ထို့အတူ CERP ၏ ဝင်ငွေရရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် ကျေးရွာအခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ငွေကျပ်သန်း ၂၅၀၀၀ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဆောင်ရွက်မည့် မွေးမြူထုတ်လုပ် မှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပြန်လည်ဖော်ဆောင် ခြင်းကို ငွေကျပ်သန်း ၁၄၄၀ ၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် ရေလုပ်သား များအား ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်းကို ငွေကျပ် သန်း ၆၀ ဒသမ ၇၇ သန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ် မြောင်းငယ်များ ပြုပြင်ခြင်းနှင့် ရေငန်တားတာ၊ ရေဘေး ကာကွယ်ရေးတာများ ကြံ့ခိုင်ရေး ဆောင်ရွက်ခြင်းကို ငွေကျပ် ၁၁၃၈ ဒသမ ၈၁ သန်း၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် မေလမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် လယ်ယာဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ငွေကျပ် ၂၀၄ သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် အလုပ် အကိုင်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်းကို ငွေကျပ် ၆၀၀ ဒသမ ၂၁ သန်းဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက CERP တွင် စိုက်ပျိုး ရေးအတွက် အသုံးပြုရန် ဘတ်ဂျက်များ ကို အမှန်တကယ် ထိရောက်စွာ အသုံးပြုနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင် ဆောင်ရွက် နေမှုအခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးလှကျော်က CERP အစီအမံကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လေးကြိမ်ညှိနှိုင်းပြီးဖြစ်ပါကြောင်း၊ ညှိနှိုင်းရာတွင် တစ်ဖက်က နိုင်ငံတော် အနေဖြင့် ကျခံသုံးစွဲနိုင်မည့် ဘဏ္ဍာငွေအပိုင်းနှင့် ဌာနဘက် က ဆောင်ရွက် နိုင်မည့် စွမ်းအားအပိုင်းများ ပါဝင်ပါကြောင်း၊ ဆွေးနွေးခဲ့သည့် အနေအထားပေါ် မူတည်၍ လုပ်ငန်းစဉ် များရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် ကျေးလက် ဒေသ အထိ ဝန်ထမ်းများ ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကော်မတီများ ဖွဲ့စည်း ထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းများကို Monitoring လုပ်ငန်း ကြီးကြပ် စစ်ဆေးမှုကို Quarterly, Annually စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ အကျိုးရှိရှိနှင့် အထိရောက်ဆုံးဖြစ်ရန် အဓိက ကျသည့် ကြီးကြပ်စစ်ဆေးရေးအပိုင်းကို အဆင့်ဆင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။


ပြန်လည်ရှင်းလင်းဖြေကြား

ဆက်လက်၍ သတင်းမီဒီယာများက တောင်သူ လယ်သမားများအနေဖြင့် ဓာတ်မြေဩဇာများ ဝယ်ယူ ရာတွင် စက်ရုံများမှ တိုက်ရိုက်ဝယ်ယူ၍မရဘဲ စီးပွားရေး သမားများထံက ဈေးကြီး ပေး၍ ဝယ်ယူနေရသည်ကို ဝန်ကြီးဌာနအနေဖြင့် သိရှိခြင်း ရှိ/မရှိနှင့် ဖြေရှင်းဆောင် ရွက် ပေးမည့် အခြေအနေ၊ ဆေးဖက်ဝင် လျှော်ပင်စိုက်ပျိုး မှုကို ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုသွားရန် အစီအစဉ် ရှိ မရှိနှင့် ဆောင်ရွက်သွားမည့် မူဝါဒ၊ အိမ်ခြံဝင်းဥယျာဉ် စိုက်ပျိုးခြင်းစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည့် အချိန် ကာလနှင့် မျိုးပင်မျှဝေပေးသည့်ပုံစံ၊ တရားမဝင် ငါးဖမ်းမှု ကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။