ပြည်ထောင်စုအဆင့်သတင်း

မွေး-ရေ-ကျေးလက်ကဏ္ဍ ပြည်ပ ပညာသင်များ၏ သုတေသနစာတမ်း ဖတ်ပွဲကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ပြည်ပ ပညာသင်များ၏ သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက် ၉ နာရီ က နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်း တက္ကသိုလ်များနယ်မြေရှိ  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ် ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

         စာတမ်းဖတ်ပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြည်ပ ပညာသင်များ၊ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တိရစ္ဆာန်ရောဂါစစ်ဆေးရေးဓါတ်ခွဲခန်းများ၊ ဆေးဝါးနှင့် တိရစ္ဆာန်အာဟာရ စစ်ဆေးရေး ဓါတ်ခွဲခန်းများ၊ ငါးလုပ်ငန်းစစ်ဆေးရေးနှင့် အရည် အသွေး ထိန်းသိမ်းရေးဓါတ်ခွဲ ခန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်တွင်း ဘွဲ့လွန်သင်တန်းများ အပြင် ခေတ်နှင့်အညီ တိုးတက်လာသည့် နည်းပညာများ လေ့လာနိုင်စေရေးအတွက် ပြည်ပ သင်တန်းများစေလွှတ်၍ နည်းပညာအသစ်များလေ့လာသင်ယူနိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာသင်များအနေဖြင့် ပြည်ပအတွေ့အကြုံကောင်းများအား မိမိတို့၏ လက်ရှိ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ ဆန်းသစ်တီထွင်ပြီး လက်တွေ့ အသုံးချပညာရပ်များ အဖြစ် ပြောင်းလဲပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းစဉ်သည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သကဲ့သို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်း သည် အရေးပါသောကဏ္ဍတွင်ပါဝင်နေသည်ကို သတိပြုကြရမှာဖြစ်ကြောင်း ၊ သုတေသနလုပ်ငန်း တိုင်းသည် ရလဒ်ကောင်းမဖော်ထုတ်နိုင်သော်လည်း သုတေသန ရလဒ်ကောင်းတစ်ချက်သည် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း၊ သို့ဖြစ်၍ အောင်မြင်မှုပန်းတိုင်၏ သွားရာ လမ်းကြောင်း တွင် အရင်းအနှီး နှင့် ပေးဆပ်ရမှုများရှိနိုင်သဖြင့် သုတေသနပညာရှင်များအနေဖြင့် မဆုတ်မနစ်သော ဇွဲ လုံ့လ ဝီရိယထား ကြိုးပမ်းသွားကြရန် တိုက်တွန်းအားပေးလိုက်ပါကြောင်း၊ အတွေးအခေါ်သစ်များကို ပြောင်းလဲလက်ခံနိုင်သည့် စိတ်ဆန္ဒကောင်းများကိုအခြေခံ၍ မိမိတို့ ကျွမ်းကျင်ရာဘာသာရပ် အလိုက် သုတေသနပြုခြင်းများအပြင် ဆက်နွယ်ရာ ဘာသာရပ်များ စုပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်းများကိုလည်း ကြိုးစားဆောင်ရွက်ကြရန် ၊ ပညာရပ် ပိုင်း သာမက လက်တွေ့ လူမှု ဘဝနယ်ပယ်အထိပါ အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်း ဖော်ထုတ်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း က စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ ၅၆၇၂ ဦး ၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့(M.V.Sc) ၂၉၆ ဦး၊ တိရစ္ဆာန် ဆေးပညာ မဟာဘွဲ့(M.V.M) ၉ ဦး၊ ပါရဂူဘွဲ့(Ph.D) ၂၀ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ကာ ဝန်ကြီးဌာန၏ လုပ်ငန်းလိုအပ်ချက်အရ စိတ်ပါဝင်စားသည့် ဘွဲ့ရဝန်ထမ်းများကို မွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဒီပလိုမာ (Dip.L.I.S) သင်တန်း နှင့် မွေးမြူထုတ်လုပ်‌ရေး ဒီပလိုမာ (Dip.L.P.A) သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနိုင်ခဲ့ သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ပ ပညာသင်များ၏ သုတေသနစာတမ်းဖတ်ပွဲ ၌ မြန်မာ နိုင်ငံပျားသုတေသနဆောင်ရွက်မှုများတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ပါဝင်‌ ဆောင်ရွက်မှု အခြေအနေများစာတမ်း၊ မြန်မာ့နွားမျိုးများ၏ မျိုးရိုးဗီဇခွဲ ကွဲပြားခြားနားမှုကိုလေ့လာခြင်း စာတမ်း၊ နို့စားနွားမများ အတွက် လွှတ်ကျောင်းသည့် စားကျက်မြက်တွင် ပါဝင်သည့် Crude Protein အား အပြည့်အဝ အသုံးချနိုင်ရေး ကြိုတင်တွက်ချက်ထားရှိသည့် အစာစီမံချက်ဆိုင်ရာ သုတေသနစာတမ်း၊ နယူးဇီလန်နိုင်ငံ မာနာဝါတူပြည်နယ်အတွင်းမှ ESBL နှင့် AmpC-Blatamase အင်ဆိုင်းများ ထုတ်လုပ်ခြင်းဖြင့် ဆေးယဉ်ပါးနေသော E-coli ပိုးများအား ရှာဖွေခြင်း သုတေသန စာတမ်း၊ ဂျပန်နိုင်ငံ ဖူကူအိုကမြို့ရှိ လူသားအရင်းအမြစ်နှင့် အစားအစာအရင်းမြစ်များမှ E-coli ဘက်တီးရီးယားပိုးများ၏ ပဋိဇီဝဆေးယဉ်ပါးမှုကို ရှာဖွေခြင်း သုတေသနစာတမ်း၊ ထိုင်း ၊ ကမ္ဘော ဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်များမှ ဝက်နှင့် ဝက်ထွက်နမူနာပစ္စည်းများမှ ရရှိလာသော Salmonella နှင့် E-coli ဘက်တီးရီးယားများအား ESBL နှင့် colistin ဆေးယဉ်ပါးမှုကိုလေ့လာခြင်း စာတမ်း ၊ ကမာကောင်(Oyster)နှင့် ပင်လယ်ရေမှ ကောက်ယူ ရရှိသော Vibrio parahaemolyticus ဘက်တီးရီးယားမျိုးစိတ်ထိမှ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ မျိုးဗီဇများ နှင့် ဝမ်းလျှောရောဂါကိုဖြစ်ပွားစေသည့် မျိုးဗီဇများ ရှာဖွေဖော်ထုတ်ခြင်းစာတမ်း၊ တောင်ကိုရီးယား၏ ပညာတော်သင် အတွေ့အကြုံများနှင့် Program အား Overview ရှင်းလင်း တင်ပြခြင်းစာတမ်း၊ ငါးလုပ်ငန်း သိပ္ပံဆိုင်ရာ စီးပွားရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှု ဘာသာရပ်နှင့် အတွေ့အကြုံများအားရှင်းလင်းတင်ပြခြင်းစာတမ်း၊ ငါးလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ် နှင့် ပတ်သက် သည့် အတွေ့အကြုံများအား မျှဝေခြင်းစာတမ်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ‌ကျေးလက် ဒေသနေထိုင်သည့် အမျိုးသမီးများမှ ကျေးရွာဖွံ့ဖြိုးရေးအသင်းအဖွဲ့အစည်းများတွင် ပူးပေါင်း ပါဝင်မှုများကို လေ့လာခြင်းစာတမ်း ၊ ဒေသတွင်းစီးပွား‌ရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် လူထုဗဟိုပြု စီမံကိန်း၏ အကျိုးသက်ရောက်မှုစာတမ်း စသည့် စာတမ်းများအား ဆွေးနွေးခန်းမဆောင် (၂)ခု တို့တွင် တင်သွင်းဖတ်ကြားကြမည် ဖြစ်ကြောင်းသိရသည်။