ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ က နေပြည်တော် ရုံးအမှတ် ၁၅  အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ် ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

                အစည်းအဝေးသို့ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်းနှင့်ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန  တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာ ကဏ္ဍမူဝါဒနှင့် လုပ်ငန်း စဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ရေအရင်းအမြစ်အသုံးချ မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (၇) ရပ်ချမှတ်ပြီး အထူးဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။ သို့ဖြစ်ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏မူဝါဒများကို သိရှိနားလည်ပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာမှာလည်း နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းနား လည်အောင် ကြိုးစားကြရမှာဖြစ်သလို၊ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆောင်ရွက်နေတဲ့လုပ်ငန်းများဟာ သဘာဝရေအရင်းအမြစ်ကိုအသုံးချပြီး စိုက်ပျိုး ရေပေးဝေနိုင်စေရန် ရေအားအဆောက်အအုံများ တည်‌ဆောက်ပြီး ထိန်းသိမ်း ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊

ဒါကြောင့် ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရာမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ ပုံမှန်မဟုတ်တဲ့ ရေကြီးရေလျှံမှု၊ မုန်တိုင်းဖြစ်ပေါ်မှုနှင့် အချို့နေရာတွေမှာ ထူးခြား စွာ မိုးရေချိန်နည်းပါးခြင်းကြောင့် ဆည်တမံများမှ ရေအဝင်နည်းမှု စသည်တို့ကြောင့် ဖြစ်ပေါ်လာတက်တဲ့ အခြေအနေတွေကို တွက်ဆပြီး အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း။

ယခုအချိန်ဟာ ဆည်တမံတွေကရေကိုရယူပြီး နွေစပါးနှင့်အခြားသီးနှံ စိုက် ပျိုးရေပေးဝေ နေတဲ့အချိန်ဖြစ်ပါကြောင်း။ ၂၀၁၉ မိုးရာသီမှာ အချို့သောရေလှောင်တမံ များမှာ ရေအဝင်နည်းခြင်းကြောင့် နွေစပါးရေပေးဝေနိုင်ခြင်းမရှိဘဲ အခြားသီးနှံများ ပြောင်း လဲစိုက်ပျိုးနေကြရတာလည်းရှိပါကြောင်း။ ဒါကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးပြီး ထိရောက်စွာ ရေပေးဝေမှုဖြစ်စေရန် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။ ဒီနေရာမှာတစ်ဆက်တည်းပြော ကြားလိုတာကတော့ Water User Group များ ဖွဲ့စည်းရေးအတွက် ဖြစ်ပါကြောင်း။ ရေအသုံးချသူများအဖွဲ့ (WUG) တွေကို ပိုမိုဖွဲ့စည်း နိုင်ရေး နှင့် ဖွဲ့စည်းပြီး (WUG) များကိုလည်း ပိုမိုအသက်ဝင်လှုပ်ရှားနိုင်ရေးတို့ကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်စေလိုပါကြောင်း။ ဒါမှသာ လယ်သမား အချင်းချင်း နားလည်မှုရှိစွာဖြင့် လယ်ကြားမြောင်းများ ဆောက်လုပ်နိုင်ခြင်းကြောင့် ရေလေလွင့်ဆုံးရှုံးမှုများပြားပြီး ပြဿနာဖြစ်စေနိုင်မည့် ကွက်ဆင့်သောက်စနစ် လျော့နည်းသွားစေနိုင်မှာဖြစ်ပါကြောင်း။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရ ရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆည်တမံများမှ ရေပေးဝေခြင်းအပြင် မြစ်ရေတင် လုပ်ငန်းများ၊ စက်ရေတွင်းများမှလည်း ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရာမှာ အချို့ရေရှားပါးသောဒေသများမှာ သောက်သုံးရေရရှိရေးအတွက် လုပ်ငန်းများကို လည်း တစ်ပါတည်းဆောင်ရွက်နေကြရတဲ့အတွက် ဒေသခံများ အကျိုးဖြစ်ထွန်းစေတဲ့ အတွက် အထူးဂရုစိုက်ပြီး စေတနာထားဆောင်ရွက်စေလိုပါကြောင်း။

နွေစပါးနှင့် အခြားသီးနှံများ ရေပေးဝေရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း များ ဆောင်ရွက်နေသကဲ့သို့ လာမည့်မိုးရာသီကာလမှ ဖြစ်ပေါ်လာနိုင်မည့် ရေကြီး ရေလျှံမှုများ လျော့ပါးသက်သာစေရေး၊ ရေလှောင်တမံနှင့် ရေဘေးကာကွယ်ရေး တာများ ဘေးကင်းလုံခြုံမှုရှိရေးတို့ကိုလည်း ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးကြောင်း မှာကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အစည်းအဝေးပွဲတက်ရောက်လာကြတဲ့ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသမှာရှိတဲ့ ဒေသခံတောင်သူလယ် သမားကြီးများ၏ အကျိုးစီးပွားတိုးတက်မြင့်မားလာစေရန် စိတ်ကောင်းစေတနာကောင်း မွေးမြူပြီး မိမိတို့နည်းပညာကျွမ်းကျင်မှုတို့အသုံးချကာ ဆောင်ရွက်ပေးကြစေလို ပါကြောင်း။ မိမိတို့အချင်းချင်းလည်း အတွေ့အကြုံများဖလှယ်ပြီး မိမိတို့အားနည်းချက်၊ အားသာ ချက်များကို သုံးသပ်ပြီး ဌာနအကျိုး၊ နိုင်ငံအကျိုးအတွက် တာဝန်ကျေပွန်တဲ့ ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြား သည်။

အစည်းအဝေးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဘဏ္ဍာနှစ်အလိုက် ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများ ကိုလည်းကောင်း ၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက်ဆောင်ရွက် ချက်များနှင့် လုပ်ငန်းလိုအပ် ချက်များအား အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တာဝန်များအား တိကျစွာ သတ်မှတ် တာဝန်ပေးအပ်ရန်၊ လိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ လုပ်ငန်းဆောင်ရွက်ချက်များ အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်  လိုအပ်ချက်များ ကို ဆွေးနွေး ဖြည့်ဆည်းပေး ခဲ့ကြောင် သိရသည်။