ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ဒေသ ဖွံ့ဖြိုးမှုခြေခံကောင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ၊ နွားထိုးကြီးမြို့နယ် ၊ စိန်ပန်းကန်အုပ်စု၊ ဖက်ခူးကျေးရွာ တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း အထောက်အကူပြုကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်း က ၂၀၁၇ ခုနှစ်မှ စတင်၍ ၂၀၁၉ခုနှစ် ဇူလိုင်လအထိ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငါန်းဇွန်း၊ ညောင်ဦး၊ ရမည်းသင်း၊ ပျော်ဘွယ် ၊ နွားထိုးကြီး မြို့နယ်များတွင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းလုပ်ငန်းခွဲများ အလိုက် ပြီးစီးအောင်မြင်မှုအခြေအနေများ၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်မည့် မြို့နယ် ကျေးရွာများအလိုက် ထောက်ပံ့ငွေရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဖက်ခူးကျေးရွာ လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဌ နှင့်  ကျေးရွာရပ်မိ ရပ်ဖများ က ဒေသဖွံ့ဖြိုးရေး လိုအပ် ချက်များ နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးရာတွင် စီမံကိန်းကျေးရွာများအနေဖြင့် လမ်းတံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေ စသည်ဖြင့် ဒေသ ဖွံ့ဖြိုးရေးခြေခံကောင်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် အရေးကြီး လုပ်ငန်းမှာ ဒေသနေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်ကောင်းများ ပေါ်ထွန်းလာရန်၊ တန်ဘိုးမြင့်ထွက်ကုန်များထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကို ဖော်ဆောင်သင့်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာအနေဖြင့်လည်း အရည် အသွေးကောင်းသည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်ရန် အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းတူရာပေါင်းစပ်လုပ်ကိုင်ပြီး ကုန်ထုတ်လုပ်ငန်းအသင်း ၊ စိုက်ပျိုး မွေးမြူရေး သမဝါယမအသင်း စသည်ဖြင့် အသင်းအဖွဲ့ဖြင့်ဆောင်ရွက်ပါက အရင်းအနှီး ချေးငွေများရရှိနိုင်မှုအပြင် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ပါကြောင်း၊ ထုတ်လုပ်မှု ကြီးမား လာသည်နှင့်အမျှ လက်ကားစျေးကွက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သဖြင့် စျေးကွက် အကျိုးအမြတ်ကိုပါ ခံစားကြရမည်ဖြစ်သည့်အတွက် ကျေးရွာသူကျေးရွာသားများ စုစည်း ညီညွတ်စွာဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို  ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများက အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာသောက်သုံးရေ စက်ရေတွင်း၏ ရေအရည်အသွေး စစ်တမ်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် စီမံကိန်းတာဝန်ခံတို့က ရှင်းလင်းတင်ပြကြ သည်။