ရာသီဉတု ပြောင်းလဲမှုဒဏ်၊ သဘာဝဘေးဒဏ်နဲ့ အခြားသော ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် အာဆီယံဒေသတွင်း တောင်သူ လယ်သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများ လျော့ပါးသက်သာစေဖို့ မိမိတို့အားလုံးက အလေးအနက်ထား ဆောင်ရွက်ကြ ရမှာ ဖြစ်သလို လယ်ယာကဏ္ဍမှာ သီးနှံအထွက်နှုန်း တိုးတက် လာစေပြီး၊ စိုက်ပျိုးရေး ထုတ်ကုန်များ စျေးကောင်းရရှိလာစေဖို့၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ် လာနိုင်စေဖို့ ဦးတည်ဖော်ဆောင်ကြရမှာဖြစ်ကြောင်း။
ယင်းသို့ ဖော်ဆောင်ပေးခြင်းအားဖြင့် အမျိုးသမီးများအပါအဝင် စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ တောင်သူလယ်သမားမိသားစုများရဲ့ အလုပ် အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာစေနိုင်ပြီး၊ တစ်ဦးချင်းဝင်ငွေများ တိုးတက်လာဖို့ မျှော်မှန်းဆောင် ရွက်သွားကြရမှာ ဖြစ်ကြောင်း မေလ ၂၁ ရက် နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံ ရှိ Royal NayPyiTaw Hotel တွင် ကျင်းပ ပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးသမဝါယမအသင်းများ ဖွံ့ဖြိုး တိုးတက် ရေးဘုတ်အဖွဲ့ ACEDAC နှင့် (၂၁)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေး သမဝါယမ အသင်းများ၏ ကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့ ASWGAC အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
(၂၆)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ ACEDAC နှင့် (၂၁)ကြိမ်မြောက် အာဆီယံ စိုက်ပျိုးရေး သမဝါယမ အသင်းများ၏ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ ASWGAC အစည်း အဝေး ဖွင့်ပွဲအခမ်းအနားသို့ ASEAN Secretariat ၊ACEDAC Secretariat ၊ ASEAN Foundation ၊ ASEAN Farmers’ Association ၊ AFSOP ၊ MAFF တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ASEAN Member States များမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ဗဟိုသမဝါယမအသင်း ဥက္ကဌ နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
(၂၆)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ ACEDAC နှင့် (၂၁)ကြိမ်မြောက် အာဆီယံ စိုက်ပျိုးရေး သမဝါယမ အသင်းများ၏ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ ASWGAC အစည်း အဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပေါ်ရှိ စားနပ်ရိက္ခာထုတ်လုပ်မှုရဲ့ ၈၀% ကျော်ဟာ လယ်သမားမိသားစု (Family Farmers)များရဲ့ စိုက်ပျိုးထုတ်လုပ်မှုကနေ ရရှိနေခြင်း ဖြစ်ပါကြောင်း။ ဒါကြောင့် နေ့စဉ် တိုးတက်လိုအပ်လျှက်ရှိသော ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်ဖို့အတွက် မိမိတို့ အာဆီယံ စိုက်ပျိုးရေးသမဝါယမအသင်းများက စဉ်ဆက်မပြတ် စားနပ်ရိက္ခာထုတ်လုပ်နိုင်ရေး(Sustainable Food Production) ကို ဦးတည်ပြီး ဆောင်ရွက်သွားကြရမှာဖြစ်သလို အာဆီယံဒေသတွင်း စျေးကွက်အဆင့်မှသည် ကမ္ဘာ့စျေးကွက်အဆင့်အထိ ထိုးဖောက်ရရှိနိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း။
အာဆီယံဒေသအတွင်းရှိ စိုက်ပျိုးရေးသမဝါယမ အသင်းများဟာ အသင်းသား တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားကို ရှေးရှု ဆောင်ရွက်ကြရာမှာ အသင်းများ၏ ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ လယ်ယာထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီသည့် လယ်ယာထွက်ကုန်ပစ္စည်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအပြင် စိုက်ပျိုးထုတ်လုပ် ရာတွင်ကြုံတွေ့ရနိုင်သည့် စွန့်စားရမှု (Risk) အနည်းဆုံးဖြစ်အောင် နည်းလမ်းရှာ ကြံ ဆောင်ရွက်ပေးကြရမှာလည်း ဖြစ်ပါကြောင်း။ ဒါ့အပြင် စိုက်ပျိုးရေးသမဝါယမ အသင်းများအနေဖြင့် ရရှိထားပြီးသောစျေးကွက်ပိုမို ခိုင်မာရရှိစေရေးနဲ့ စျေးကွက်သစ်ရှာ ဖွေနိုင်ရေးတို့ကိုACEDAC နဲ့ASWGACအဖွဲ့ကြီးတို့၏ ကွန်ယက်နဲ့အင်အားတို့ကို အကျိုးရှိရှိ အသုံးပြုပြီး ဒေသတွင်းနိုင်ငံများအကြား အသင်းအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် နိုင်ကြဖို့ဟာ အလွန်အရေးပါ လှပါကြောင်း၊
မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဟာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် GDP ရဲ့ ၃၀ ရာခိုင်နှုန်း၊ လုပ်သားအင်အားရဲ့ ၆၅ရာခိုင်နှုန်းအထိ ပါဝင်နေတဲ့အတွက် နိုင်ငံစီးပွားရေးအတွက် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါတယ်။ ဒါကြောင့် မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက် အနာဂတ်မျှော်မှန်းချက်(Vision)အဖြစ် “သက္ကရာဇ် ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာနဲ့ အာဟာရဓါတ် ပြည့်ဝဖူလုံပြီး အထွက်နှုန်းမြင့်မားကာ ရာသီဥတု ဒဏ်ခံနိုင်စွမ်းရှိသည့် စိုက်ပျိုးရေးကဏ္ဍမှတစ်ဆင့် ကမ္ဘာ့စျေးကွက်ကို ယှဉ်ပြိုင်ကာ ကျေးလက်နေလုပ်ကွက်ငယ် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာ စေရန်”လို့ သတ်မှတ်ကာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း ။
အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုယဉ် ကျေးမှုဖွံ့ဖြိုးတိုး တက်မှုတို့အတွက် မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံများနဲ့ အတူတကွ လက်တွဲပြီး ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် အမြဲ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း။ ယခုအစည်းအဝေးမှာ အာဆီယံဒေသတွင်း လုပ်ကွယ်ငယ် တောင်သူ လယ်သမားများ (Smallholders Farmers) ရင်ဆိုင်နေရတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် အစားအစာထုတ်လုပ်မှုကို အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင် ပေးနိုင်မည့္ ဆွေးနွေးချက်များ၊ ရလဒ်ကောင်းများ ချမှတ်ဖော်ဆောင်လာမယ်လို့ မျှော်လင့်ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေး သမဝါယမ အသင်းအဖွဲ့များအကြား၊ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံစိုက်ပျိုးရေးသမဝါယမအသင်းများနှင့် အသင်းသားများ၏ ရေရှည်အကျိုး စီးပွား ဖွံ့ဖြိုးတိုးတက်စေမည့် ရလဒ် များပေါ်ထွန်းလာအောင် ယခုသို့သော အစည်းအဝေးများမှ အထောက်အကူပြုနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်း ဥက္ကဌ ဦးခင်မောင်အေး က မြန်မာ့နိုင်ငံ၏ သမဝါယမကဏ္ဍ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားသည်။
အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (ACEDAC)နှင့် အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများ၏ ကဏ္ဍအလိုက်လုပ်ငန်း အဖွဲ့ (ASWGAC)အစည်းအဝေးများကို အာဆီယံနိုင်ငံ အလိုက် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ရာမှာ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် တတိယအကြိမ် လက်ခံ ကျင်းပခွင့်ရခြင်းဖြစ်ပြီး မေလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေးသမဝါယမအသင်းများ၏ အဖွဲ့အစည်းဆိုင်ရာနှင့် စွမ်းဆောင်ရည်တည် ဆောက်ခြင်း(Institutional and capacity building) ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း(Competitiveness)၊ ဘဏ္ဍာငွေရရှိနိုင်ခြင်း၊(Assess to finance)၊စျေးကွက်ရ ရှိနိုင်ခြင်း ( Assess to market) တို့ကို ACEDAC အဖွဲ့ကြီး၏ ပင်မဒေါက်တိုင် (၄)ခု အဖြစ် ထားရှိပြီး ဒေသတွင်းရှိ ပြည်သူများ(အထူးသဖြင့် တောင်သူ လယ်သမားများ)၏ လူနေမှုအဆင့်အတန်း တိုးတက် လာစေခြင်းအားဖြင့် စိုက်ပျိုးရေး သမဝါယမအသင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ပေးနိုင်ရေး၊ စိုက်ပျိုးရေး သမဝါယမအသင်းများ၏ လူမှုပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ် များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်အထောက်အကူပြုစေမည့် သတင်းအချက် အလက်များ၊ အတွေ့အကြုံ များနှင့် အယူအဆများ ဖလှယ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး (အထူးသဖြင့်) သမဝါယမ အသင်းသားများ၏ ပညာရေးနှင့်လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စိုက်ပျိုးရေးသမဝါယမအသင်းများတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး စသည် တို့ကို ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။