နိုင်ငံသားများ၏ အာဟာရအခြေအနေကို မြှင့်တင်ပေးခြင်းဖြင့် တည်ငြိမ်အေးချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း နှင့် အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ရေး Nutrition Sector Reform Contract- NSRC အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဉီးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဉီးကျော်မင်းဉီး ၊ အာဟာရကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် ဉီးဆောင် ပါဝင်သည့် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥရောပသမဂ္ဂမှ ကိုယ်စား လှယ်များ နှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဉီးလှကျော် က အဖွင့်အမှာစကားပြောကြားပြီး ၊ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အာဟာရကဏ္ဍဆိုင်ရာ ပြုပြင် ပြောင်းလဲရေး သဘောတူစာချုပ် Nutrition Sector Reform Contract-NSRC လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများ နှင့် လုပ်ငန်းလျာထား သတ်မှတ်ချက်များအား အတည်ပြုနိုင်ရေးဆိုင်ရာများ၊ ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့အကြား ၂၀၂၀ ခုနှစ် မေလ တွင် အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ရှေ့လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ အတွင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၌ ကျင်းပပြုလုပ် ခဲ့သည့် အာဟာရဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံ ညှိနှိုင်းအစည်းအဝေးက စတင်၍ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ Development Assistance Co-ordination Unit-DACU အောက်တွင် အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှု ဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ အာဟာရ ချို့တဲ့မှု ပြသနာကို ဉီးစားပေးကဏ္ဍတစ်ရပ်အနေနဲ့ ထိထိမိမိ ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi-Sectoral National Plan of Action on Nutrition-MSNPAN) ချမှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန သည် စိုက်ပျိုးရေး နှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးကို အခြေခံလျက် အမယ်စုံလင်၍ ထုတ်လုပ်မှုစွမ်းအား ပြည့်ဝပြီး ပြိုင်ဆိုင်မှု အားကောင်းသော စီးပွားရေးအခြေအနေတစ်ခု တည်ထောင်ရန် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(Agriculture Development Strategy-ADS)ကို ၂၀၁၈ ခုနှစ် က ချမှတ်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများ၏ အာဟာရ ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်ရန်အတွက် အာဟာရအခြေအနေကို ထင်ဟပ် တုန့်ပြန်လွယ်သော စိုက်ပျိုးရေးစနစ် (Nutrition Sensitive Agriculture) ဖြစ်ထွန်းလာ စေခြင်းဖြင့် အစားအစာအမျိုးအစား စုံလင်စွာရရှိနိုင်ရေး၊ ဝင်ငွေတိုးတက်လာရေး၊ မျိုးစုံ မျိုးကွဲ အစားအစာများကို လက်လှမ်းမီစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချခြင်း ကဏ္ဍများ၌ အောင်မြင်မှုများ ရရှိနေပြီဖြစ်သော်လည်း နိုင်ငံသားများဟာ အာဟာရ ချို့တဲ့မှု အမျိုးမျိုးကို ဆက်လက်ခံစားနေရဆဲဖြစ်ရာ အထူးသဖြင့် မိခင်များ၊ ကလေးသူငယ်များ နှင့် အပျိုဖော်ဝင်စအရွယ် မိန်းမငယ်များတွင် အာဟာရချို့တဲ့လျက်ရှိရာ အဆိုပါ ပြဿနာကို တုန့်ပြန်နိုင်ရန် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ADS နှင့် ချိတ်ဆက်၍ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း MSNPAN ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။