ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံတော်၏ ကတိကဝတ်များအား လိုက်နာထိန်းသိမ်းဆောင်ရွက်ရန် အမြဲတမ်းသစ်တောနယ်မြေများ အဖြစ် တိုးချဲ့ ဖွဲ့စည်းသတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်သည့်နည်းတူ မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေး ဥပဒေပုဒ်မ ၃၀-က၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)ပါ ပြဌာန်းချက်ဖြစ်သည့် ဒေသခံတိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့်မြေများ အား အမြဲတမ်းသစ်တော နယ်မြေအဖြစ် ဖွဲ့စည်းသတ်မှတ်ပေးနိုင်ရေး လျာထားသတ်မှတ်ရာတွင် ပါဝင်မှုမရှိရေး ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၁၈ခုနှစ် ယာယီစာရင်းအရ  နိုင်ငံတော်၌ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း ဧက (၄၇)သန်းကျော်ရှိပါကြောင်း၊  စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း သြဂုတ်လ (၂၆)ရက်နေ့ နံနက်(၉) နာရီက နေပြည်တော်

ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  က ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  နှင့်အတူ ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်း တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဌ နှင့် ဗဟိုကော်မတီ ဝင်များ က ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

အစည်းအဝေးတွင် ယခုအစိုးရကာလ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၇/၂၀၁၉)၊ (၁၈/၂၀၁၉)၊ (၁၉/၂၀၁၉)၊ (၂၀/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းပေးရန် တင်ပြလာမှုကိစ္စရပ်များကို လည်းကောင်း၊ စည်ကမ်းချက်သတ်မှတ်ကာလ(၄)နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန် တကယ်  စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့် ချထားမြေများအား ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြု အမိန့်စာအသစ် ထုတ်ပေးနိုင်ရေး၊ လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်းပြီး ဖြစ်၍ ပေးသွင်းထားသည့် အာမခံကြေးငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေး၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူမှ မြေခွန်ကို သတ်မှတ်ကာလအတွင်း အချိန်မီ ပေးသွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်များအား ပြန်လည်သိမ်းဆည်းကြောင်းဆုံးဖြတ်ခဲ့ရာ သတ်မှတ် ဥပဒေ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြန်လည်သိမ်းဆည်းမြေ ဧရိယာ မှာ ယနေ့အထိ စုစုပေါင်းဧက တစ်ဆယ့်ငါးသိန်းကျော် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။