စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA နှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း အရ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု သင်တန်းများ ကို ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည်။
မြစိမ်းရောင်ကျေးရွာခေါင်းဆောင်များ အတွက် ကျေးရွာသစ်လှုပ်ရှားမှု သင်တန်း အမှတ်စဉ် (၁/၂၀၁၉)ကို သြဂုတ်လ(၂၆)ရက်နေ့ နံနက်(၈)နာရီခွဲ အချိန် က AERDTC သင်တန်းကျောင်း၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးလှမြင့်အောင်၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ AERDTC သင်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာဂျောင်ဂတ်ဂျင်း၊ သင်တန်းကျောင်းတာဝန်ခံ နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။
သင်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာဂျောင်ဂတ်ဂျင်း က သင်တန်းဖွင့်အမှာ စကားပြောကြားရာတွင် သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့၏ကျေးရွာများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူအများ ချမ်းသာကြွယ်ဝ လာကာ ပျော်ရွှင်ဖွယ်ကောင်းကျေးရွာအဖြစ်သို့ ပြောင်းလဲနိုင်ရန်ကြိုးပမ်းရာတွင် အကောင်းဆုံး အထောက်အကူဖြစ်စေရန် အတွက် ယနေ့ သင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄,၀၀၀ကျော်ရှိ သည့် အနက် မြစိမ်းရောင်စီမံကိန်း စံပြကျေးရွာအဖြစ် ရွေချယ်ခံရခြင်းသည် ကံကောင်းမှု တစ်ခုဖြစ်ပြီး မိမိတို့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခဲလှသည့် အခွင့်အရေးကို အသုံးချကာ စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြ ပါစေကြောင်းအားပေးပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် က အဖွင့်အမှာစကား ပြောကြားရာ၌ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ အရေးကြီးသော ခေါင်းဆောင် ၃ မျိုးရှိကြောင်း၊ ၄င်းတို့မှာ ကျေးရွာများရှိ ဘုန်ကြီး၊ ရဟန်း၊ သံဃာတော်များ၊ စာသင် ကျောင်းများမှ ကျောင်းဆရာ၊ဆရာမများနှင့် ကျေးရွာအတွက် အနစ်နာခံဆောင်ရွက် ပေးကြသော ကျေးရွာခေါင်းဆောင်များဖြစ်ကြောင်း၊ မိမိတို့ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ကို ယနေ့သင်တန်း မှ လေ့လာဆွေးနွေး ရှာဖွေကြပြီး ဆယ်မာအူးလ်စိတ်ဓာတ်များအား လက်တွေ့ ကျင့်သုံးသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း က မြန်မာနိုင်ငံတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အထိ ကျေးရွာပေါင်း (၁၁,၀၉၉)ရွာ၌ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ယနေ့သင်တန်းမှ တဆင့် ကျေးရွာခေါင်းဆောင်များ အနေဖြင့် အုပ်စုဖွဲ့ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေမည့်အပြင် စွမ်းဆောင် ရည်များလည် ပိုမိုတိုးတက်လာစေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေနှင့် မိမိတို့ လေ့လာ ဆည်းပူးခဲ့သော သင်ခန်းစာများနှင့်ဗဟုသုတများကို မိမိတို့ကျေးရွာများ၌ ဆောင်ရွက် နေသော စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ရှိ ကျေးရွာပေါင်း(၃၅)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၇၀)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သြဂုတ်လ(၂၆)ရက်နေ့ မှ (၃၀)နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။