ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြင်ဦးလွင် ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၌ ပိုးချည်စက်သစ်များဖွင့်လှစ်

ပိုးမွေးမြူခြင်း၊ ပိုးချည်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း စသည့် လုပ်ငန်းစဉ် တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများတိုးတက်အောင် ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တောင်သူအခြေခံသည့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများ နိုင်ငံအဝန်း ဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉နာရီခွဲက ပြင်ဦးလွင် ရှိ စိုက်ပျိုးရေးဦးစီးဌာန ပိုးချည်စက်ရုံ နှင့် ပိုးစာသုတေသနခြံ ၌ ကျင်းပ ပြုလုပ်သည့် ပိုးချည်စက်သစ်များဖွင့်ပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ကပြောကြားသည်။

ပိုးချည်စက်သစ်များဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြောကြားရာ၌ ပိုးမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနိုင်သော အခြေခံကောင်းများရှိ သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသ ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရှမ်း ပြည်နယ်များတွင် ပိုးချည်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးလာစေခြင်းဖြင့် ကျေးလက်ဒေသနေ တိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း နှင့် ဝင်ငွေတိုးပွားရေးအပြင် တန်ဘိုးမြင့် ဒေသထွက်ကုန်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းသော လယ်ယာ အခြေခံကုန်ထုတ်လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊

ယနေ့ဖွင့်လှစ်လိုက်သည့် ခေတ်မီ ပိုးချည်စက်သစ်များကို အသုံးပြု၍ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသည့် ပိုးချည်ကဏ္ဍမြင့်မားစေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းများနှင့်အတူ ရင်းနှီးမြှုပ်နှံ ခြင်း၊ ခေတ်မီစက်ကိရိယာများ၊ နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်း က မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးစာပင် စိုက်ပျိုးမှုနှင့် ပိုးမွေး မြူရေးလုပ်ငန်း၊ မျိုးပိုးဥထုတ်လုပ်ခြင်း၊ ပိုးစာပင်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်မှု များကို ဆွေးနွေး‌ပြောကြားသည်။

      ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပိုးချည်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပိုးစာခြံများ၏ လုပ်ငန်း ဆောင်ရွက် နေမှုများ၊ မျိုးပိုးဥထုတ်လုပ်မှုအခြေအနေများ၊ ပိုးစာ/ပိုးသုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများ၊ ပိုးမွေးမြူရေးလုပ်ငန်းစဉ်တွင် ကုမ္ပဏီများနှင့်ပူးပေါင်း၍ Contract Farming စနစ်နှင့် ဆောင်ရွက်နေမှုများ၊ ပိုးစာစိုက်တောင်သူများ၏ စိုက်ပျိုးခြင်းမှရရှိမည့် အကျိုးအမြတ်များ ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပိုးချည်စက်သစ်များကို ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပိုးချည်စက်ရုံအတွင်း ပိုးမွေးမြူရေးအခန်း၊ ပိုးချည်ထုပ်ပိုးခန်း၊ ပိုးချည်ရစ်ခန်း၊ ပိုးချည်ငင်ခန်း၊ ပိုးအိမ်ရွေးခန်းများ ကို ကြည့်ရှု စစ်ဆေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် နှင့် ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်မော် တို့က ရှင်းလင်းပြသကြသည်။

ဒေသအသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပိုးစာခြံများအနေဖြင့် ပိုးစာမျိုးကွဲများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ မျိုးပွားခြင်း နှင့် တောင်သူများလိုအပ်ပါက ပျိုးပင်များ ရောင်းချ ဖြန့်ဖြူးပေးခြင်း၊ ပိုးမွေးမြူခြင်း၊ တောင်သူများအား ပိုးစာပင်စိုက်ပျိုးရေး နှင့် ပိုးမွေးမြူခြင်းနည်းပညာများ သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန မှလည်း နှစ်အဆက်ဆက် စုဆောင်း ရရှိ သော မိမျိုးဖမျိုး (Parental Strains ) များ ထိန်းသိမ်းခြင်း နှင့် မျိုးစပ်သုတေသနပြုခြင်း၊ ပြည်ပမှ ရရှိသည့် ပိုးမျိုးများကို မြန်မာ့ ရေ မြေ ရာသီဥတု နှင့် ကိုက်ညီသည့် မျိုးသန့်လိုင်း(Pure Line )များ ရရှိအောင် မျိုးရွေးချယ်ခြင်း ၊ သုတေသနပြုခြင်း၊ ဌာနပိုင် ခြံများနှင့် ပိုးမွေးလိုသော တောင်သူများအား မျိုးပိုးဥများ ဖြန့်ဝေပေးခြင်း၊ ဝန်ထမ်းများ နှင့် တောင်သူများအား ပညာပေးသင်တန်းများပို့ချပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

         မန္တလေးတိုင်းဒေသကြီး ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရှမ်းပြည်နယ်တို့တွင် ပိုးစာပင်စိုက်ပျိုး ၍ ပိုးမွေးမြူခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိရာ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခု အဖြစ် ဝင်ငွေ နှင့် လူမှုစီးပွား ဘဝ တိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ပိုးစာ ဧက ၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ၊ ပိုးအိမ် ထုတ်လုပ်မှုမှာ နိုင်ငံပိုင်ခြံ နှင့် ပုဂ္ဂလိကခြံများမှ စုစုပေါင်း ပိုးအိမ် ၈၀၈,၂၇၇‌ ပေါင် (ပေါင်ရှစ်သိန်းကျော်)ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။