လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ(၂၀၂၀ပြည့်နှစ်)အတွက် နည်းဥပဒေ ရေးဆွဲရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် က ရေးဆွဲပြဌာန်းထားရှိသော မြေယာခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေး ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့် လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၀ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂) ဖြင့် ပြင်ဆင် ပြဌာန်း လိုက်သော ပြင်ဆင်သည့်လယ်ယာမြေဥပဒေအတွက် နည်းဥပဒေရေးဆွဲရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် နည်းဥပဒေ မပြဌာန်းနိုင်သေးမီ ကာလအတွင်း လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အမိန့် ညွှန်ကြားချက်များအား ဥပဒေနှင့်အညီ ထုတ်ပြန် နိုင်ရေးကိစ္စရပ်များ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် အတွင်း ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၄/၂၀၁၉)ဖြင့် ပြဌာန်းခဲ့သော ဧရာဝတီ တိုင်းဒေသကြီး ၏ မြေယာခွန်ဥပဒေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တည်ဆဲဥပဒေများ နှင့် ညီညွတ်စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။