သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သြဂဲနစ် သဘာဝမြေဆွေးမြေဩဇာနှင့် ရွက်ဖျန်းမြေသြဇာရည် ပြုလုပ်သုံးစွဲနည်းများ လက်တွေ့ပြသ

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များအနေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝ တိုးတက်ရေးနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံ သုတေသနနှင့် နည်းပညာ သုတေသနများအား စဉ်ဆက်မပြတ် ရှာဖွေသုတေသနပြု ဆောင်ရွက်လျှက်ရှိရာ၊ ယခုကဲ့သို့ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း တောင်သူများအတွက် စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာ၍ မြေဆီလွှာအတွင်း သြဂဲနစ်အာဟာရဓာတ်များ တိုးစေကာ သီးနှံအထွက်နှုန်းတိုးစေမည့် သဘာဝမြေဆွေး မြေသြဇာ ပြုလုပ်နည်းများ လက်တွေ့ပြသခြင်းကို ဇွန်လ (၂၁) ရက်နေ့က တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာရည် ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ သုတေသနမှူးများဖြစ်သော ဒေါက်တာမင်းစံသိန်း၊ ဒေါက်တာအောင်မိုးမျိုးတင့်နှင့် သုတေသန အရာရှိ ဦးဇော်ဝင်း၊ ခြံတာဝန်ခံ ဦးသာထွန်းနှင့် သုတေသနပညာရှင်များ၊ တပ်ကုန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်နှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ ဆင်သေရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

သဘာဝ မြေသြဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် တောင်သူများအတွက် စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာမည်ဖြစ်ကြောင်း၊ မြေဆီလွှာပျက်စီးခြင်းကို သဘာဝမြေသြဇာသုံးစွဲခြင်းဖြင့် မြေ၏ ရုပ်ဂုဏ်သတ္တိများ တိုးတက်စေပြီး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းထားနိုင်၍ မြေဆီလွှာအတွင်း သြဂဲနစ်အာဟာရဓာတ်များတိုးစေကာ စိုက်ပျိုးသီးနှံ၏ အထွက်နှုန်းကို တိုးစေမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူများအနေဖြင့် သဘာဝမြေသြဇာ ပြုလုပ်သုံစွဲနည်းများအပြင်၊ အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ရန်အပါအဝင် သီးနှံပင် ပြုစုစောင့်ရှောက်နည်းများနှင့် သီးနှံ ပိုးမွှား၊ ရောဂါကာကွယ်စောင့်ရှောက်နည်းလမ်းများအား သိရှိလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းနှင့် သုတေသနပညာရှင်များအနေဖြင့် တောင်သူများ၏ အခက်အခဲပြဿနာများကို ကူညီဖြေရှင်းရန် အသင့်ရှိပါကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းပြောကြားသည်။

ထို့နောက်တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက တပ်ကုန်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စပ်မျိုးပြောင်း၊ စပ်မျိုးနေကြာအပါအဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ ရယူလိုပါက ကူညီရန်အသင့်ရှိကြောင်းနှင့် သဘာဝ မြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာ ထုတ်လုပ်သုံးစွဲနည်းများအားလည်း လာရောက်လေ့လာနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံမှ သုတေသနလက်ထောက်- ၂ ဒေါ်အိအိချိုက သဘာဝမြေဆွေးမြေသြဇာပုံပြုလုပ်ရန် ပါဝင်ပစ္စည်းအချိုးအစား၊ ပြုလုပ်နည်းအဆင့်ဆင့်နှင့် အကျိုးကျေးဇူးများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒု-လက်ထောက်ဦးစီးမှူး ဒေါ်နန်းဆိုင်ဦးက နွားချေး၊ နွားသေးတို့ဖြင့် ပြုလုပ်သော ရွက်ဖျန်းမြေသြဇာရည်ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအချိုးအစားနှင့် ပြုလုပ်နည်းတို့အားလည်းကောင်း လက်တွေ့ပြုလုပ်ပြသခဲ့ကြရာ တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။