နယ်သတင်းများ

အင်းတကော် တွင် မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ်

မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၅ ရက် နေ့ က ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (အင်းတကော်)တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်၊ ပဲခူးခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့် ရွှေကျင်မြို့နယ်မှ ၂၀၁၉ ခုနှစ် ရော်ဘာပင်အိုခုတ်လှဲတောင်သူများ တက်ရောက်ကြသည်။

ယခုကဲ့သို့ မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေး အပ်ခြင်းသည် ၂၀၁၉ ခုနှစ်အတွင်း ရွှေကျင်မြို့နယ်၌ ရော်ဘာပင်အို ခုတ်လှဲခွင့် ရရှိထားသော တောင်သူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အလားတူ ပျိုးပင်ထောက်ပံ့ ပေးအပ်ပွဲ များ ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ တွင်လည်း ဆောင်ရွက်လျှက် ရှိကြောင်း၊ ရော်ဘာစိုက်တောင်သူများအနေဖြင့် ရော်ဘာပင်အိုများ ခုတ်လှဲခြင်း လုပ်ငန်းများ ကို ခွင့်ပြုချက်တောင်းခံ၍ ခုတ်လှဲခြင်း ဆောင်ရွက်သင့်ကြောင်း၊ ရော်ဘာပင်အိုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ခွင့်ပြုချက်ရယူ၍ ခုတ်လှဲပြီး ရော်ဘာသစ် အဖြစ် ထုတ်လုပ်၍ နိုင်ငံခြား ပို့ကုန်အဖြစ် ရောင်းချလျှက်ရှိရာ အဆိုပါ ခုတ်လှဲခွင့်ရ ဧရိယာများတွင် အထွက်ကောင်းရော်ဘာမျိုးများ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန က ဒေသနှင့် ကိုက်ညီသည့် ရော်ဘာပျိုးပင်များ အခမဲ့ဖြန့်ဖြူး ပေးလျှက်ရှိကြောင်း ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင် က ပြောသည်။ရော်ဘာထုတ်လုပ်မှု ရေရှည်အောင်မြင်စွာ လုပ်ကိုင်နိုင်ကြရန်အတွက် ရော်ဘာပင်အို ခုတ်လှဲခွင့်ရယူဆောင်ရွက်ထားသော တောင်သူများအား ဌာနမှ မျိုးကောင်းမျိုးသန့် ရော်ဘာ ပျိုးပင်များ အထောက်အပံ့ ရရှိရေး ကူညီဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ စီးပွားရေး တွက်ချေကိုက်မှု မရှိတော့သည့် ရော်ဘာပင်အိုများ၊ အစေးထွက်မကောင်းသော ရော်ဘာ မျိုးရိုင်းများ နေရာတွင် ရော်ဘာ မျိုကောင်း မျိုးသန့်များ ပြန်လည်စိုက်ပျိုးသင့်ကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ယနေ့ကျင်းပ ပြုလုပ်သော မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ် ပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်၊ ပဲခူးခရိုင်ဦးစီးမှူး တို့က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း ရော်ဘာပင်အို ခုတ်လှဲခွင့် ရရှိထားသော တောင်သူများအတွက် (PB 260, PB 235,RRIM 600, RRIT 251, BPM 24) မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင် (၁၂၂၅၃)ပင် အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။