ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဆည်တမံကြီးများကြံ့ခိုင်မှုနှင့် ဆည်ရေ အရည်အသွေးများအပေါ် စဉ်ဆက်မပြတ် စောင့်ကြည့် လေ့လာရန်နှင့် လိုအပ်သလိုစီမံဆောင်ရွက်ကြရန်လိုအပ်သည့်နည်းတူ ပြောင်းလဲ သက်ရောက်လာလျက်ရှိသည့်  ရာသီဥတုကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ရေးအတွက်  ဆည်ရေများ လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး၊ မူလရည်မှန်းထားရှိသည့် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်  ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုနိုင်မှုကိုအရှိန်အဟုန်မပျက် အကျိုးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော် စိုက်ပျိုး‌ရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဌာနခွဲများ မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဒုတိယဝန်ကြီးက မှာကြားရာတွင်  သီးနှံများ ဖြစ်ထွန်းရေး အခြေခံအရင်းအမြစ်ဖြစ်သည့် စိုက်ပျိုးရေအတွက် ဆည်၊တာ တမံများကို အဓိကထိန်းသိမ်း ဆောင်ရွက်နေသည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဌာနတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် သဘာဝသယံဇာတ ကြွယ်ဝ သည့် နိုင်ငံဖြစသည့်အလျောက် အခြေခံကျသည့် ရေအရင်းအမြစ်များ ပိုင်ဆိုင်ထားရှိကြောင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်း၊ ဆည်တာတမံများ ‌ရေရှည်တည်တံ့စေရေးနှင့် သဘာဝ ရေဘေးဒဏ် ခံနိုင်ရည်ရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ တည်ဆောက်ရေးအပိုင်းကို အာရုံစူးစိုက် ဆောင်ရွက်ကြရန်နှင့် စီမံခန့်ခွဲမှု အားကောင်းမှုနှင့် အတူ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်အရေးကြီးကြောင်း၊ ဆည်မြောင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တည်ဆဲ ဆည်မြောင်းဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊  လုပ်ငန်း၏ စံချိန် စံညွှန်းဆိုင်ရာ ကဏ္ဍ၊ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှု ကဏ္ဍတို့တွင် တာဝန်ယူမှု၊ ယနေ့အစည်းအဝေး တွင် လုပ်ငန်းအကောင် အထည်ဖော်မှု ဆိုင်ရာ ရည်မှန်းချက်၊ မဟာဗျူဟာ နှင့် လက်တွေ့ ဆောင်ရွက်မှု ရလဒ်များ၏ အားသာချက်၊ အားနည်းချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် အဖွဲ့အစည်း အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှု နှင့် စီမံခန့်ခွဲမှု အားကောင်းရန် အရေးကြီးပြီး Project Management Unit (PMU) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေး ၊ ဝန်ထမ်း သက်သာချောင်ချိ‌ရေးလုပ်ငန်းများကို  ထိန်းကျောင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

အစည်းအဝေးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဘဏ္ဍာနှစ်အလိုက် ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက်ဆောင်ရွက် ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအား အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က တာဝန်များအား တိကျစွာ သတ်မှတ် တာဝန်ပေးအပ်ရန်၊ လိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ လုပ်ငန်းဆောင်ရွက်ချက်များအား စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ရန်  လိုအပ်ချက်များ ကို ဖြည့်ဆည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။