ဂျပန်အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) မှ Mr. Fujii Tomoyuki နှင့် အီသီယိုးပီးယားနိုင်ငံ၊ JICA ရုံးမှ Mr. Esayas Lemma ဦးဆောင်သော စိုက်ပျိုးရေးပညာရှင် (၅) ဦးပါ လေ့လာရေးအဖွဲ့သည်သည် အောက်တိုဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် သုတေသနပြု ဆောင်ရွက်ထားရှိသည့် စပါး သုတေသနစိုက်ခင်းများ သို့ လေ့လာရေးခရီး လာရောက် ကြရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ညွှန်ကြားရေးမှူး ဒေါ်မွှေးမွှေး၊ သက်ဆိုင်ရာ ဌာနစုတာဝန်ခံများနှင့် သုတေသနပညာရှင်များ က နွေးထွေးစွာ ကြိုဆိုကြသည်။
ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် သီးနှံစိုက်ပျိုးနည်းစနစ် သုတေသနဌာနစု၌ စက်မှုလယ်ယာကဏ္ဍ ဖော်ဆောင်ရေးအတွက် ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော စပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းလေ့လာရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်သည့်အပြင်၊ အချိန်ကုန်သက်သာကာ မျိုးစေ့နှုန်းထား သက်သာသည့်အတွက် မျိုးစေ့ကုန်ကျ စရိတ် သက်သာခြင်းအား မျိုးစေ့ထုတ် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ခံကျင့်သုံးရေးအတွက် သုတေသနပြု ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် စပါးသီးနှံသုတေသနဌာနစုကွင်း၌ စမ်းသပ် ဆောင်ရွက်ထားသည့် သုတေသန စမ်းသပ်ကွက်များအား သွားရောက်လေ့လာ ကြရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မိဘမျိုးစေ့၊ ဆင့်ပွါးမျိုးစေ့၊ မျိုးသန့်မျိုးပွါးမျိုးစေ့နှင့် စီးပွါးဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု မြန်မာနိုင်ငံ၏ ဆန်စပါး မျိုးမွေးမြူရွေးချယ်ရေးကဏ္ဍ မြှင့်တင်ခြင်း စီမံကိန်း၏ သုတေသန လုပ်ငန်းများအား သွားရောက်လေ့လာကြရာ စီမံကိန်းတာဝန်ခံ ဒေါက်တာဥမ္မာစော က Glass House အတွင်း ပေါ်ဆန်းမွှေး၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ အစရှိသော မြန်မာစပါးမျိုးများအား သက်တမ်းတို၍ အထွက်ကောင်းကာ ပိုးမွှား ရောဂါဒဏ်ခံနိုင်သည် ဗီဇများထည့်သွင်း၍ မျိုးကူးစပ်နေသည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမ ၌ ရင်းနှီးစွာလက်ခံတွေ့ဆုံခဲ့ကြပြီး၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။