မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ဇွန်လ (၂၄) ရက် နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားရာ၌ နိုင်ငံတော်အတွင်းရှိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အား နိုင်ငံသားတိုင်း မည်သူမဆို သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း လျှောက်ထားရယူ၍ မိမိတို့ဆောင်ရွက်လိုသည့်လုပ်ငန်းရပ်ကို အကျိုးရှိစွာ လုပ်ကိုင် ဆောင်ရွက်နိုင်ကြကြောင်း၊ နိုင်ငံသားအားလုံး လျှောက်ထားရယူ အသုံးပြု လုပ်ကိုင်နိုင် သည့် တန်းတူရည်တူ အခွင့်အရေးရှိကြောင်း၊ ထိုသို့ လျှောက်ထားရယူခြင်း၌ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပေးအပ်ချိန်တွင် လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်ခြင်းရှိ မရှိ ထိန်းကျောင်းနိုင်ရန်အတွက် အာမခံကြေးပေးသွင်းစေပြီး အဆိုပြုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ပြီးပါက တင်သွင်းထား သည့် အာမခံကြေးကို ပြန်လည်ထုတ်ပေးခြင်းသာဖြစ်ပါကြောင်း ၊ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ချိန်၌ မြေခွန်တော်ကိစ္စနှင့်ပတ်သက်၍လည်း သတ်မှတ် ကောက်ခံမှုမှာ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့်ပမာဏသာဖြစ်ကြောင်း၊
ထို့အတွက် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရသူများအနေဖြင့်လည်း ကျသင့်သည့်မြေခွန်တော်ကို သတ်မှတ်ချိန်၌ မပျက်မကွက် ပေးသွင်းရန်လိုအပ်ကြောင်း၊ ပေးသွင်းရန်ပျက်ကွက်ပါက ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူခြင်းခံရနိုင်ကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို အမှန်တကယ် ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်သူများအတွက် နိုင်ငံတော်က မြေအခမဲ့ လုပ်ပိုင်ခွင့်အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အတွက်လည်း တစ်ဘက် တစ်လမ်း က စီပွားရေးဖွံ့ဖြိုးတိုးတက်ကို အထောက်အပံ့ဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းမှုကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် မြေကို ရောင်းကုန်သဖွယ် မဖြစ်စေရန် ဥပဒေဖြင့် ထိန်းကျောင်းခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုရှိပါက တင်သွင်းထားသည့် အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများလျှောက်ထားရာတွင် အချို့သော စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများ၌ ကြန့်ကြာ နေမှုများ ရှိနေကြောင်း သိရှိရသည့်အတွက် အဆိုပါ ကြန့်ကြာမှုများ မရှိစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန်ခွဲရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်း အလိုက် သုံးသပ်ဆွေးနွေးကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး နည်းဥပဒေ ၃၉ (ဂ) နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ်အချိန်စေ့ရောက် နေသော လုပ်ကိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများထံမှ မြေခွန်တော်ကောက်ခံနိုင်ရေးအတွက် သတ်မှတ်သင့်သော မြေခွန်ကင်းလွတ်ခွင့် ကာလ နှင့် သတ်မှတ်သင့်သော မြေခွန်နှုန်းထား သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ၊ ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၁၉-၂၀၂၀ ခုနှစ် အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများ က မြေခွန်ပေးသွင်း လာခြင်း နှင့် ကောက်ခံရန်ကျန်ရှိနေသော ကိစ္စရပ်များကိုလည်းကောင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ် ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ တွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် အထူးအဖွဲ့ ဖွဲ့စည်းပေးနိုင်ရေး တင်ပြခြင်း ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများသည် ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး၊ ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အထူးအဖွဲ့အမည်စာရင်း အဆိုပြုတင်ပြ လာသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် ငြင်းပယ်ကြောင်း ထောက်ခံတင်ပြလာသည့် ကိစ္စရပ် နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း အား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း ကိစ္စရပ် တို့နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။