စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးပညာပေးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် နည်းပညာ နှင့်အသိပညာတိုးပွားရေး ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဝင်ငွေတိုးပွားရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပသော ကျေးရွာသစ်လှုပ်ရှားမှု အခြေခံ သင်တန်း အမှတ်စဉ် (၂/၂၀၂၀)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်က ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ မြန်မာဆယ်မာအူးလ်အွန်ဒုန် စီမံကိန်းမန်နေဂျာ မစ္စတာလီဆွန်းဝမ်၊ သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၁၀)မြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး (၁၀)ဦး နှင့် ကျေးရွာ ပေါင်း(၁၀)မှ ကျေးရွာခေါင်းဆောင်(၇၀)ဦး တို့ တက်ရောက်ကြသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကိုရီးယားနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၏ အောင်မြင်မှု ရလဒ်
အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတို့၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာ(၁၀)ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးရွာ(၁၀)ရွာ၊ ရခိုင်ပြည်နယ်တွင် ကျေးရွာ(၅)ရွာနှင့် ရှမ်းပြည်နယ်တွင် ကျေးရွာ(၁)ရွာ စုစုပေါင်း ကျေးရွာ ၂၆ ရွာကို ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများ ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးရွာ၏လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများ နှင့်အတူ အားလုံးညီညီညွတ်ညွတ်ဖြင့် နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ စံပြရွေးချယ်ထားသော ကျေးရွာများ အနေဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ စီမံကိန်းဟုယူဆပြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ကြီး ကြပ်မှုများနှင့်အတူ
ကျေးရွာသူ ကျေးရွာသားများ၏ဆန္ဒနှင့်အညီ တက်ညီလက်ညီ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ စိတ်ဓာတ်မြှင့်တင်ရေး၊ အရည်အသွေး မြင့်မားရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးများကို AERDTC သင်တန်းကျောင်းမှာ သင်တန်းပေးပြီး ယနေ့သင်တန်းတက်လာကြသော ကျေးရွာ ခေါင်းဆောင်များ အနေဖြင့် ခေါင်းဆောင်ပီသစွာ ဆောင်ရွက်နိုင်ရေး၊ ကျေးရွာလူထုကိုစည်းရုံးပြီး မိမိတို့ကျေးရွာ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် က သင်တန်းဆင်းလက်မှတ်များကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ညပိုင်းအုပ်စုဖွဲ့ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ဆွေးနွေးပွဲရလဒ်များ တင်ဆက်ခြင်းအစီအစဉ်တွင် ဆုရရှိသူများကို သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ က ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
အခမ်းအနားတွင် သင်တန်းခေါင်းဆောင်များဖြစ်ကြသည့် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်တိုအရှေ့ကျေးရွာ မှ ဦးဝင်းလှိုင် နှင့် မြင်းခြံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာ တို့က ကျေးဇူးတင်
စကားများ ပြောကြားကြသည်။
၎င်းနောက် မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းမန်နေဂျာ မစ္စတာလီဆွန်းဝမ် က ကိုယ့်အားကိုယ်ကိုးပြီး ကျေးရွာသစ်လှုပ်ရှားမှုကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာခေါင်းဆောင်များအား ဂုဏ်ပြုစကားပြောကြားပြီး စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ က သင်တန်းဆင်းပွဲ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။