နိုင်ငံတော်၏လယ်ယာမြေများကို စီမံဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံ၏ မြို့ရွာများဖွံ့ဖြိုးတိုးတက်လာမှု ၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး အတွက် အခြေခံအဆောက်အဉီများတိုးမြှင့်ရန်လိုအပ်မှု၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်နိုင်မှု တို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်မှု တို့ကိုထည့်သွင်း စဉ်းစားဆောင်ရွက်ရန်လိုအပ်ကြောင်း သို့ဖြစ်၍ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်တင်ပြလာမှု ကိစ္စရပ်များအပေါ် နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု၏အကျိုးကို ရှေးရှု၍ အနည်းဆုံးလိုအပ်သည့် မြေပမာဏကိုသာ ခွင့်ပြု ပေးနိုင်ရေးအတွက် တည်ဆဲ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီ အချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ဖတ်ကြားတင်ပြ သည်။
အစည်းအဝေး တွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ က ဆွေးနွေး ပြောကြားရာ၌ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာ တွင် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ အလုပ်သမားများ ရရှိနိုင်မှု၊ မြို့ရွာနှင့်ထိစပ်နိုင်မှု၊ သုံးစွဲရေ ရရှိနိုင်မှု စသည်တို့အပေါ် အခြေခံ ရွေးချယ်ရခြင်းဖြစ်ရာ နိုင်ငံ၏ကုန်ထုတ်စွမ်းအား တိုးတက်ရေးအခြေခံ အဆောက်အဦဖြစ်သည့် စက်ရုံအလုပ်ရုံများ တိုးမြင့်တည်ဆောက်ရေးနှင့် နိုင်ငံတော် ၏ စားနပ်ရိက္ခာဖူလုံရေး စသည့်အချက်များနှင့် အဓိကသက်ဆိုင်သည့် လယ်ယာမြေ များ မလျော့ပါးရေး၊ အဟန့်အတားမဖြစ်စေရေး၊ ကန့်သတ်ချက်မဖြစ်စေရေးတို့ကို သဟဇာတညီညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေများအစား ထိုး ဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ်ပြောင်းလဲခြင်း နည်းလမ်းအပါ အဝင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၃-၈-၂၀၁၉ ရက်စွဲပါစာအမှတ်၊၅၁၁(၅၉၄)/၁၂/သမ္မတ ရုံးဖြင့် ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းကိစ္စတွင် “လယ်မြေ/ယာမြေ/သစ်တောမြေ/သတ္တုတွင်း မြေ/မြေလွတ်/မြေရိုင်းများ ဖြစ်ပါက ဆိုင်ရာဌာန/ အဖွဲ့များ၏ အခြားနည်းအသုံးပြု ခွင့် ပါရှိရမည်” ဟု လမ်းညွှန်အကြောင်းကြားထားပြီးဖြစ်ရာ လယ်ယာမြေအခြား နည်း အသုံးပြုခွင့်လျှောက်ထားမှုများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်သမ္မတ ရုံးတို့၏ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှု တိုးမြင့်လာမှသာ နိုင်ငံစီးပွား ဖွံ့ဖြိုးလာရေး အဓိကအထောက်ကူ ဖြစ်သည့်အတွက် မဖြစ်မနေခွင့်ပြုရမည့်ကိစ္စများတွင် အနည်းဆုံးလိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦး က နေပြည်တော် ပြည်ထောင်စု နယ်မြေ ၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများ၌ ပါဝင်သွားသော မြေဧရိယာများအတွက် လျော်ကြေး/နစ်နာကြေး ပေးချေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့မြေ တိုးချဲ့ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေ နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့သစ်စီမံကိန်းတွင် ပါဝင်သွား သည့် လယ်ယာမြေများ အတွက် လျော်ကြေး ပေးချေနိုင်ရေး ကိစ္စများ အပါအဝင် အစည်း အဝေးကဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ က စိစစ်ထောက်ခံ ပေးပို့တင်ပြလာသည့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲ (၁၂၁)တွဲနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာကြသူများ က လယ်ယာမြေ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆုံးဖြတ်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည် နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ က ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေမှုခင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ် ဆွေးနွေးကြကြောင်း သိရှိရသည်။