သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရေကြီးနစ်မြုပ်ဒေသများရှိ မိုးစပါးစိုက်ကွင်းများ တွင် လယ်ယာသုံး စက်ကိရိယာများအသုံးပြုပြီး ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးမည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ နှင့် သြဂုတ်လများတွင် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်များ၌ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးခဲ့သော မိုးစပါးများ၊ ရေကျချိန်တွင် အချိန်မီ ပြန်လည်စိုက်ပျိုး နိုင်ရန် သက်တမ်းတိုမျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ စက်များဖြင့် စိုက်ထယ်ရေး ပြန်လည်ထွန်ယက်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် ဝင်ရောက်စိုက်ပျိုးနိုင်သော လယ်မြေများတွင် စက်ဖြင့် ကူညီစိုက်ပျိုးပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သော လယ်ယာသုံး စက်ကိရိယာများအား ကွင်းဆင်းပြုပြင်ပေးခြင်းများကို ဆောင်ရွက်ပေး လျှက်ရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် သည် သြဂုတ်လ ၂၄ ရက်နေ့ တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ရွှေဇင်းကျိုက် ဓမ္မာရုံ၌ ကတွန်ကျေးရွာ၊ဖြူဘကျေးရွာ၊နတ်ကြီးချောင်းကျေးရွာ၊ပန်းကုန်းကျေးရွာ၊ ရင်းငြိမ်တောင်ကျေးရွာများ မှ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီး ခဲ့သော တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ ကူညီဆောင်ရွက်ပေး နိုင်ရေး ဆွေးနွေးသည်။

ဆွေးနွေးချက်များအရ ယခုအခါ ရေကျသွားပြီဖြစ်၍ မိုးစပါး အချိန်မီ ပြန်လည်စိုက်ပျိုးရာတွင် လက်တွန်းထွန်စက်များအသုံးပြုနိုင်ရေး အတွက် တောင်သူများ ၏ လိုအပ်ချက်အရ ဌာနပိုင် လက်တွန်းထွန်စက် (၂၀)စီး အား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အပ်နှံ၍ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။

ထိုမှတဆင့် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သထုံစက်မှုလယ်ယာ စခန်းသို့ သွားရောက်၍ ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်မြေများ တွင် ကောက်စိုက်စက်ဖြင့် ကူညီစိုက်ပျိုးပေးနိုင်ရန် စက်မှုလယ်ယာစခန်း ဝန်ထမ်းများ က ကောက်စိုက်စက် ပျိုးဗန်းများ ပျိုးထောင်နေမှုနှင့် ကောက်စိုက်စက်များ ရောက်ရှိနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိ သူများအား စိုက်ပျိုးချိန်မီကူညီ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြား သည်။

ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ယခုအချိန်အထိ စိုက်ပျိုးမြေများ ၌ ရေကြီးနစ်မြုပ်လျက်ရှိသော ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ တောင်သူများ နှင့် တွေ့ဆုံပြီး တောင်သူများ၏ တောင်းဆိုမှုအရ ယခုလကုန် ရေကျချိန်တွင် မိုးစပါးပြန်လည် စိုက်ပျိုးလိုသော တောင်သူများ အတွက် ဝန်ကြီးဌာနအနေဖြင့် မျိုးစပါး ကူညီဆောင်ရွက် ပေးရန် စီစဉ် ဆောင်ရွက်ထားရှိမှုများ ၊ ရေကျချိန်တွင် တစ်ကွက်ပေါ် တစ်ကွက် စိုက်စနစ်ဖြင့် အသင့်စိုက်ပျိုးနိုင်ရန် ကောက်စိုက်စက် နှင့် ပျိုးဗန်းများ ကြိုတင်ပျိုးထောင်ထားရှိမှု၊ လက်တွန်းထွန်စက်နှင့် ကောက်စိုက်စက်များ၊ အသုံးပြုလိုက ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် သည် မော်လမြိုင် စက်မှုလယ်ယာစခန်းတွင် ပျိုးဗန်းများဖြင့် ကြိုတင်ပျိုးထောင်နေမှု အခြေအနေများ၊ ရေကျချိန်တွင် ကူညီစိုက်ပျိုးပေးနိုင်ရန် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အနောက်ခြမ်း) တို့မှ ကောက်စိုက်စက်များ ရောက်ရှိနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ရေကြီးနစ်မြုပ်ဒဏ်ခံ တောင်သူများ၏ လိုအပ်ချက်ကို ဝန်ထမ်းများ၏အနေဖြင့် ကြိုးပမ်း ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဘီးလင်းမြို့နယ်၊ စက်မှုလယ်ယာစခန်း သို့ ရောက်ရှိကြပြီး စက်များအသင့်ရောက်ရှိနေမှု၊ ဝန်ထမ်းများ က ကောက်စိုက်စက်၊ ပျိုးဗန်းများ ပျိုးထောင်ပေးနေမှုတို့ကို အားပေး ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။