သတင်းကဏ္ဍ

စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ နှင့် လယ်ယာ ကဏ္ဍ ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေး

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ နှင့် လယ်ယာ ကဏ္ဍ ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရန်  ဧပြီလ(၂၄)ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင် အရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာ တောင်သူများ နှင့်တွေ့ဆုံ၍ ဒေသ၏ရာသီဥတုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများ ကို ရင်းနှီးခင်မင်စွာမေးမြန်းဆွေးနွေးပြီး ဓါတ်မြေဩဇာ အသုံးပြုမှု လျှော့ချနိုင်ရေး ၊  မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေး နှင့် မြေဆီ ဩဇာ ထက်သန်စေရေး တို့အတွက် သစ်စိမ်း မြေသြဇာအဖြစ် စိုက်ပျိုးအသုံးပြုရန် ပိုက်ဆံလျှော် မျိုးစေ့များ အား တောင်သူများထံ ပေးအပ်ကာ တောင်သူများ နှင့်အတူ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက် စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ဖျာပုံမြို့၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်း သို့ရောက်ရှိကြပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် သင်တန်း များ ဖွင့်လှစ်ပို့ချပေးနေမှုနှင့်  ငါးလုပ်ငန်းဆိုင်ရာ နည်းပညာပေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော ဒေသ ထွက်ကုန်တိုးမြှင့်ရေး၊ ငါး ပုစွန် မွေးမြူရေး ဆိုင်ရာ ခေတ်မီ နည်းပညာ အသိပညာများ တိုးချဲ့ ဖြန့်ဝေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ ရေသယံဇာတများ ထုတ်လုပ် နိုင်စေရေး စီမံ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ခရိုင် အဆင့်တာဝန်ရှိသူများအား ဝန်ဇင်းဧည့်ရိပ်သာတွင် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများအတွက် ရေအရင်းအမြစ်အသုံးချမှု စနစ်မှန်ကန်ရေး၊ သဘာဝဘေး ကြိုတင် ကာကွယ်တားဆီးရေး နှင့် တာတမံများဥပဒေ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။   

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျိုက်လတ်မြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၅) စက်ပြင်အလုပ်ရုံအား ကြည့်ရှုစစ်ဆေးပြီး လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းနှင် အသုံးပြုနိုင်ရေး ၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင် မွမ်းမံမှု သင်တန်းများ နှင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် နည်းပညာဖြန့်ဝေရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကျိုက်လတ်မြို့နယ် ဆူးကနန်းကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်လှိုင် ၏ သီးထပ်ရင် နွေစပါးမျိုးစေ့ထုတ်စံပြကွက် (၁၅)ဧက ရိတ်သိမ်းမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ကျိုက်လတ်မြို့၊ ‌ရွှေဝါလတ်ခန်းမတွင် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများ မှ ကျောင်းအုပ်ကြီးများ ဆရာ ဆရာမကြီးများ ရပ်မိ၊ ရပ်ဖများ လူမှုရေးအသင်းအဖွဲ့အစည်းများ နှင့် တွေ့ဆုံ၍ ကျောင်းဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အတွက် အလှူငွေများ နှင့် စာကြည့်တိုက်များအတွက်၊ သုတ/ရသ စာအုပ်များကို ပေးအပ်လှူဒါန်းသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ငါးသိပ္ပံသင်တန်း ကျောင်းသို့ ရောက်ရှိကြပြီး ရေသတ္တဝါ မွေးမြူရေး စီမံခန့်ခွဲမှုသင်တန်း နှင့် ဒီပလိုမာသင်တန်းဖွင့်လှစ်ထားရှိမှု အခြေအနေများ ကိုကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ငါး ပုစွန်မွေးမြူ ထုတ်လုပ်မှု အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။