သဖန်းဆိပ်ဆည်ရေသောက်စနစ်မှ ၂၀၂၀ခုနှစ် မိုးစပါးစိုက်ပျိုးရေပေးဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၃ ရက် နံနက်(၉)နာရီအချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင် က ၂၀၂၀ ခုနှစ် သဖန်းဆိပ်ဆည်ရေသောက်စနစ်မှ ၂၀၂၀ခုနှစ် မိုးစပါးစိုက်ပျိုးရေ ပေးဝေရေး လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင် ဦး က သဖန်းဆိပ်ဆည်မှ ရေရရှိမှုအပေါ်မူတည်၍ မိုးစပါးအပါအဝင် သီးနှံအလိုက်မျိုး၊ စိုက်စနစ် နှင့် သီးနှံ ပုံစံများ၊ စိုက်ပျိုးမည့်အစီအစဉ်အား ရှင်းလင်းဆွေးနွေးခြင်းသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင် က သဖန်းဆိပ် ဆည်ရေသောက်ဧရိယာများတွင် လယ်ယာသုံးစက်ကိရိယာ သုံးစွဲစိုက်ပျိုးနိုင်ရေး အစီအစဉ်များ အား ရှင်းလင်းဆွေးနွေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း/ရေအရင်းအမြစ်)၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ် ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)Water Management Department မှ ဒေါက်တာမောင်မောင်နိုင် နှင့်အဖွဲ့ဝင်များ တက်ရောက်၍ သဖန်းဆိပ် ဆည်မှ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေ နိုင်မည့် ဧရိယာဧက၊ နေ့ရက်၊ မြောင်းလက်တံအလိုက် ရေပေးဝေမည့် အချိန်ဇယားနှင့် မြောင်းလက်တံ အလိုက် စိုက်နည်းစနစ်အလိုက် စိုက်ပျိုးမည့်အစီအစဉ် များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ဧက လေးသိန်းခုနစ်သောင်းကျော် ၊ ဆောင်းသီးနှံ ကိုးသောင်းခြောက်ထောင်ကျော်၊ နွေသီးနှံ တစ်သိန်းလေးသောင်းကျော် ကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း၊ ယနေ့အထိ သဖန်းဆိပ် ရေလှောင်တမံ အတွင်း ဆည်ရေသိုလှောင်နိုင်မှုမှာ ရေဧကပေ ငါးသိန်း လေးသောင်း ကျော် ရှိသဖြင့် ၂၀၂၀မိုးစပါးရာသီ အတွက် စပါးစိုက်ဧက လေးသိန်းနှစ်သောင်းကျော် ကို စိုက်ပျိုးရေပေးဝေနိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိသည်။