မိမိတို့အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့်သီးနှံများ စားသုံးနိုင်ကြစေရန် နှင့် မိသားစုအိမ်ခြံဝန်း ဥယျာဉ်ထူထောင် စိုက်ပျိုးမှုထွန်းကားလာရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က စီမံ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကူးစက် ကပ်ရောဂါ Covid-19 ကာလဖြတ်သန်းစဉ် အတွင်း ပြည်သူများ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုရရှိစေရန် တိုင်းဒေသကြီး ပြည်နယ် ခရိုင် နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများက မျိုးစေ့ ပျိုးပင်များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ နည်းပညာနှင့် လိုအပ်ချက်များကူညီပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက် ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းလဲလာသည့်ရာသီဥတုဖြစ်စဉ်များနှင့်လိုက်လျောညီထွေ ဖြစ်ထွန်းနိုင်ပြီး ဈေးကွက်အကျိုးအမြတ် ရရှိစေရေးအတွက် ဒေသအလိုက်သင့်တော်သော သီးနှံ မျိုးကွဲများ ပွားများဖြန့်ဖြူး စိုက်ပျိုးစေလျက်ရှိရာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ယခုနှစ် အတွင်း မိုးဦး/မိုးနှောင်း ချည်မျှင်ရှည်ဝါ (ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈၊ ရွှေတောင် – ၁၀) မျိုးသစ်မျိုးသန့်များ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရသည်။