နယ်သတင်းများ

ပဲတီစိမ်းကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့်စမ်းသပ်သရုပ်ပြရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ လုပ်သားရှားပါးမှု ပြဿနာကို စက်ကိရိယာ သုံးဖြေရှင်းနိုင်စေရန်နှင့် လုပ်သားကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်များရှိနိုင်စေရန်ရည်ရွယ်၍ ပဲတီစိမ်းကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာ တောင်သူ ဦးသောင်းဌေးစိုး၏ လယ်မြေတွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်း ၅ ဧက စံပြကွက်၌ စမ်းသပ်သရုပ်ပြရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ယခုစံပြကွက် ၅ ဧကထဲမှာ စမ်းသပ်ကွက်များကို ပေ (၁၀၀) ပတ်လည် ၁၆ ကွက်သတ်မှတ်ထားပြီး စက်ဖြင့်ရိတ်သိမ်းခြင်း ၄ ကွက်၊ လုပ်သားဖြင့်ကောက်ခြင်း ၄ ကွက်၊ လုပ်သားဖြင့်နှစ်ကြိမ်ကောက်ပြီး စက်ဖြင့် ရိတ်သိမ်းခြင်း ၄ ကွက်၊ လုပ်သား ဖြင့်တစ်ကြိမ်ကောက်ပြီး စက်ဖြင့်ရိတ်သိမ်းခြင်း ၄ ကွက်ဆိုပြီး စမ်းသပ်ချက်စနစ်(၄)မျိုးဖြင့်ဆောင်ရွက်ထားရှိပြီး ၎င်းစမ်းသပ်ချက်များထဲမှ  တစ်ဧကကုန်ကျစရိတ်ကို ပျမ်းမျှတွက်ချက်ပြီး သုတေသနပြုလုပ်ကာ အသက်သာဆုံးနည်းလမ်းဖြင့် အကျိုးအမြတ်အများဆုံးရမည့်စနစ်ကို တောင်သူများထံ ချပြဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး သုတေသနဦးစီးဌာန(ရေဆင်း) ပဲမျိုးစုံသီးနှံဌာနစိတ်မှ ဒေါက်တာမာမာဝင်းမှ ရှင်းပြသည်။

“ပဲတီစိမ်းတစ်ကွက်ကို ပုံမှန်ကတော့ ၃ ကြိမ်ကောက်ရတယ်၊ တစ်ကြိမ်ကောက်ရင် လုပ်သား ၁၀ ယောက်သုံးရတော့ လုပ်သားကုန်ကျစရိတ်များတယ်၊ လုပ်သားခတစ်ရက်ကို ကျပ် ၃၀၀၀ လောက်ပေးရတယ်၊ အခုလိုစမ်းသတ်ပြီး စက်နဲ့ရိတ်သိမ်းတာ တစ်မနက်ကို ၅ ဧက လောက်ပြီးတယ်၊ ထွက်နှုန်း လည်းမကျဘူး လုပ်သားခဆို ထက်ဝက်လောက်သက်သာသွားတယ်၊ မျိုးစေ့ထုတ်လုပ်တဲ့သူဆို ပိုပြီး တွက်ချေကိုက်ပါတယ်” ဟု ပဲတီစိမ်းစိုက်တောင်သူ ဦးသောင်းဌေးစိုးက ပြောသည်။

“တောင်သူများအနေနဲ့ ရာသီဉတုပြောင်းလဲမှု၊ လုပ်သားရှားပါးမှု၊ ဈေးကွက်မတည်ငြိမ်မှု စတဲ့ အခက်အခဲမျိုးစုံတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်၊ လုပ်သားရှာပါးမှုကြောင့် ပေါင်းထိုး၊ သားခွဲ၊ ဆေးဖျန်း၊ ရိတ်သိမ်းခြင်း စတဲ့လုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်တဲ့အတွက် ဒီလုပ်သားရှားပါးတဲ့ ပြဿနာက တောင်သူတွေအတွက် များစွာအခက်ခဲဖြစ်ပေါ်စေပါတယ်၊ အဲဒီပြဿနာကို စက်ကိရိယာအသုံးပြုဖြေရှင်းလို့ရတယ်ဆိုတာကို တောင်သူတွေအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ရပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ လိုက်ပါပြောင်းလဲလာနိုင်စေဖို့ရည်ရွယ်ပြီးတော့ ယခုလိုစမ်းသပ် သရုပ်ပြရိတ်သိမ်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းနိုင်ဝင်း က ပြောပါသည်။

အဆိုပါရိတ်သိမ်းခြွေလှေ့စက်ဖြင့် စမ်းသပ်သရုပ်ပြရိတ်သိမ်းခြင်းကို ဒေသခံတောင်သူများကလည်း စိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)မှ ပဲမျိုးစုံသီးနှံဌာနစိတ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)