သုတေသန ဦးစီးဌာနသတင်းများ

သီးနှံ (၁၄)မျိုး၏ (DUS)Test တွင် အသုံးပြုမည့် အကိုးအကားပြုမျိုးများ ဖော်ထုတ်ပြုစုခြင်း ဆိုင်ရာသင်တန်း ပိတ်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ Syngenta Foundation Project အစီအစဉ်ဖြင့်သီးနှံ (၁၄)မျိုး၏ Distinctness , Uniformity and Stability (DUS) Test တွင်အသုံးပြုမည့် အကိုးအကားပြုမျိုးများ ဖော်ထုတ်ပြုစုခြင်း ဆိုင်ရာသင်တန်းပိတ်ပွဲကို ဇွန်လ(၁၉)ရက်နေ့၊ ညနေ(၃)နာရီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ 

သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း က အမှာစကားပြောကြားရာ၌ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချသွားသည့် Test Guidelins (TG)/ Technical Questionnaire (TQ) နှင့် သီးနှံ(၁၄)မျိုး ၏(DUS) Test တွင်အသုံးပြုရမည့် အရည်အချင်း၊ အရည်အသွေးလက္ခဏာများကို သိရှိနားလည်၍ သေချာစွာ စမ်းသပ်စစ်ဆေးပြီး လျှောက်ထားလာသည့်အပင်မျိုးသည် အပင်မျိုးသစ်ဖြစ်သည်ကို ဆုံးဖြတ် ပေးရမည်ဖြစ်ရာ မိမိတာဝန်ယူထားသည့်သီးနှံကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပေးနိုင်ရန် လိုအပ် ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးအဖွဲ့ (UPOV) မှ ပြုစုထား သည့် စံချိန်စံညွှန်း သတ်မှတ်ပြဌာန်းချက်များ(Test Guidelines)နှင့်အညီကောက်ယူ၍ တိုက်ဆိုင်စစ်ဆေးရမည် ဖြစ်ပါကြောင်း၊ အပင်မျိုးမွေးမြူ သူများ၏ ရပိုင်ခွင့်အခွင့်အရေး (Plant Breeder’s Right, PBR) ရရှိခံစားနိုင်ခြင်းနှင့် အပင်မျိုးသစ်များကို ပိုမိုမွေးမြူထုတ်လုပ်နိုင်ခြင်း ၊ တောင်သူများထံသို့မျိုးသစ်၊ မျိုးဆန်း၊ မျိုးကောင်း၊ မျိုးသန့်များ ရောက်ရှိအောင် ပံ့ပိုးပေး ခြင်းအားဖြင့် နိုင်ငံတော်၏ စိုက်ပျိုးစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်းနှင့် သင်တန်းမှရရှိလာသည့် အသိပညာများကို ဆက်စပ်ပြီး အသုံးချ နိုင်အောင်ကြိုးစားကြစေလိုကြောင်း အားပေးအမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး က အမှာစကားပြောကြားရာတွင် ယခု သင်တန်းကို (COVID-19) အခက်အခဲများကြားမှ ကြိုးစားဖွင့်လှစ်ခဲ့ပြီး သင်တန်း(၃)ရက်တာကာလအတွင်း သင်ကြားခဲ့ရသည့် နည်းပညာများ၊ လိုက်နာရမည့် ဥပဒေများသည်လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ပိုမိုလေ့လာ ကြိုးစားကြစေလို ကြောင်း၊ သင်တန်းတွင်မပါဝင်သည့် မိမိတို့၏လုပ်ဖော်ကိုင်ဖက်များကိုလည်း လေ့လာသင်ကြား ခဲ့ရသည့်အကြောင်းအရာများအား ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဆွေးနွေးပြောကြားသည်။
၎င်းနောက် အပင်မျိုးသစ်အကာအကွယ်ပေးရေးဌာနစု တာဝန်ခံ ဒေါက်တာပပဝင်း က  သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုရရှိသည့် သင်တန်းသား/သူများအား ဆုများကို   ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက  သီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။