ဆောင်းပါး

စိန်ခေါ်ရာသီ နှင့် လိုက်လျောညီသည့် သုတေသန မှ သီးနှံမျိုးများအကြောင်း

ယခုအခါသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှုအရ ဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းများ ကျရောက်ခြင်း၊ အပူချိန် မြင့်တက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် တိုးလာခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မိုးခေါင်ရေရှားမှု ဖြစ်ပေါ် ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းရန်အတွက် နည်းလမ်းများနှင့် လိုအပ်သည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အထူးလိုအပ်လာသောအချိန် ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး အားထားဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုးရေး ထုတ်လုပ်မှုစနစ် (Climate Resilience Agriculture) ဖြစ်ရန် လိုအပ်လျှက်ရှိပါသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် သုတေသီပညာရှင်များ၏ မျှော်မှန်းချက်အရ ရေရှားပါးမှုနှင့်ရင်ဆိုင်ရမည်ဟု ဆိုထားပါသည်။ ရေရှားပါးလာသည်နှင့်အမျှ ကျေးဇူးရှင်တောင်သူ လယ်သမားများသည် စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက်သာမက အခြားသီးနှံစိုက်ပျိုးမှုများအတွက် ရေပြတ်လပ် မှုကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ပါသည်။ ထိုအချိန်တွင် သဘာဝ အရင်းအမြစ်ဖြစ်သော စိုက်ပျိုးမြေ၊ စိုက်ပျိုးရေတို့၏ အရင်းအမြစ်များကို ထိန်းသိမ်းရန် လိုအပ်လာပါသည်။

ရေပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ရေချွေတာနိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ရန် လိုအပ်သကဲ့သို့ ရေငတ်ဒဏ်၊ အပူဒဏ်ခံနိုင်သော သီးနှံမျိုးများ မွေးမြူထုတ်လုပ်ရန် လိုအပ်လာပါသည်။ ၎င်းအပြင် ပြောင်းလဲလာသောရာသီဥတု၏ ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိသောမျိုးများ မွေးမြူထုတ်လုပ်ရန်လည်း အရေးကြီးသည့် ကဏ္ဍ တစ်ခု ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အညီ ဖြစ်ပေါ် လာသော စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန် သက်တမ်းတိုသော ရေငတ်ခံမျိုးများ၊ အပူဒဏ်ခံနိုင်သည့်မျိုးများ၊ ရောဂါပိုးမွှားဒဏ်ခံနိုင်သည့်မျိုးများ ရရှိရန်အတွက် မျိုးကူးစပ်၍ သားဆက် အဆင့် ဆင့် ရွေးချယ်ပြီး ဗီဇငြိမ်လိုင်းများအား သင့်လျော်သောဒေသများတွင် အကြိမ်ကြိမ်သုတေသနပြု ဖော်ထုတ်ထားပါသည်။

စပါးသီးနှံ
ရေငတ်ခံစပါးမျိုးများဖြစ်သည့် ယာ- ၁၊ ယာ- ၂၊ ယာ- ၃၊ ယာ- ၄၊ ယာ- ၅၊ ယာ- ၆၊ ယာ- ၇ နှင့် ယာ- ၈ မျိုးများသည် ရေငတ်ဒဏ်ခံနိုင်ရည်ရှိပြီး၊ သဲဆန်ကုန်းကြောဒေသများအတွက် စိုက်ပျိုးဖြစ်ထွန်းနိုင်၍ အထွက်နှုန်း အသင့်အတင့်ကို ပေးစွမ်းနိုင်ပါသည်။ ယာ- ၂ ထွန်း စပါးမျိုးသည် ဂမ္မာရောင်ခြည်ပေး၍ ရလာသောမျိုးဖြစ်ပြီး အပင်ဇီဝနည်းပညာသုတေသနဌာနစုတွင် တစ်သျှူးမွေးမြူနည်း (Anther culture) ဖြင့် မွေးမြူပြီးရလာသော မျိုးဖြစ်ပါသည်။ ရေပြတ်လပ်သည့်ဒဏ်ကို ခံနိုင်သည့်အပြင် ရွက်ခြောက်ရောဂါကို ခံနိုင်ရည်ရှိပါသည်။ မိုးရေသောက်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ရေဖြင့် ရေချွေတာ စိုက်ပျိုးသည့် ဒေသများတွက် စိုက်ပျိုးရန် သင့်တော်ပါသည်။

ရေအနည်းလိုစပါးများမှာ ရေအနည်းလို- ၁၊ ရေအနည်းလို- ၂၊ ရေအနည်းလို- ၃၊ ရေအနည်းလို- ၄၊ ရေအနည်းလို- ၅၊ ရေအနည်းလို- ၆ နှင့် ရေအနည်းလို- ၇ တို့ဖြစ်ပြီး၊ ရေငတ်ဒဏ် ခံနိုင်ရည်ရှိသည့်အပြင် သွင်းရေ၊ ဆည်ရေ အပြည့်အဝ မရရှိနိုင်သော ဒေသများတွင် စပါးစိုက် တစ်ဧက ရေလိုအပ်ချက်ကို (၃၀ – ၅၀) ရာခိုင်နှုန်းအထိ ချွေတာ၍ သုံးစွဲနိုင်ပြီး စိုက်ပျိုးနိုင်ပါသည်။

စပ်မျိုးစပါးများဖြစ်သည့် ရေဆင်းပုလဲသွယ် (၁)၊ ရေဆင်းပုလဲသွယ် (၂)၊ ရေဆင်းပုလဲသွယ် (၃) တို့သည် စားသုံး မှု အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း မြင့်မားစွာ ပေးစွမ်းနိုင်သည့် အပြင် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း နှင့် မကွေးတိုင်း ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။

ရေတော် မိုးတော် ဆည်ရေသောက်၊ မိုးရေသောက်ဒေသအားလုံးတွင် စိုက်ပျိုးနိုင်သော ရွှေမြန်မာ၊ ရွှေမနော်၊ ဆင်းသီရိ၊ ဆင်းသုခ စပါးမျိုးများသည် ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး ပြည်တော်ရင်၊ ဆင်းသီရိမေ နှင့် မနော်ဟရီစပါးမျိုးများသည် ရွက်ခြောက်ရောဂါကို အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ ရေဆင်းလုံးသွယ်စပါးမျိုးသည် အသက်လျင်၍ အထွက်ကောင်းပြီး စပါး ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးကျရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ဆင်းသီရိမေ စပါးမျိုးသည် ဆန်ရိုးလှပြီး အပင်ယိုင်လဲမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။

ပြောင်းဖူးနှင့် နှံစားသီးနှံ
စပ်မျိုးပြောင်းမျိုးများဖြစ်သည့် ရေဆင်းစပ်မျိုး – ၂၊ ရေဆင်းစပ်မျိုး- ၁၂ တို့သည် သက်တမ်း တိုး၍ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး၊ မိုးရေချိန် (၃၀ – ၃၅) လက္မရရှိသည့် ဒေသများအတွက် စိုက်ပျိုးရန် သင့်တော်ပါသည်။ မိုးရွာသွန်းမှု ကာလများတွင် မိုးရွာသွန်းပျံ့နှံ့မှု မှန်ကန်ညီညွတ်ပြီး၊ မိုးရေချိန် (၃၀) လက်မ ရရှိမည်ဆိုပါက စိုက်ပျိုးပြီး (၆၅ – ၇၀) ရက်အတွင်း ရိတ်သိမ်းဆွတ်ခူး ရောင်းချစားသုံးနိုင်သော ရေဆင်းစားပြောင်းချို – ၁ နှင့် ရေဆင်းစားပြောင်းချို – ၂ တို့ကို ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသော နှံစားပြောင်းမျိုးများဖြစ်သည့် ရွှေနီ- ၁၅၊ ရေဆင်းနှံစားပြောင်းဖြူ- ၇ နှင့် ဆတ်မျိုးများဖြစ်သည့် ပုလဲ- ၃၊ ပုလဲ – ၄ တို့သည် အရိုးထွက် နှင့် အစေ့ထွက် ကောင်းမွန်သော မျိုးများဖြစ်သည့်အပြင် ရေလိုအပ်ချက်မှာ လျော့နည်းသဖြင့် မိုးရေ ချိန် လက္မ (၂၀- ၃၀) အတွင်း ရရှိသော ဒေသများအတွက် စိုက်ပျိုးရန် သင့်တော်ပါသည်။

မိုးရာသီကာလ တိုတောင်း၍ မိုးရေချိန်နည်းပါးခြင်းဖြစ်ပေါ်ပါက ဆောင်းသီးနှံဖြစ်သော ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် မြေတွင်းအစိုဓါတ် လုံလောက်မှု မရှိသဖြင့် ဒေသမျိုးများ စိုက်ပျိုးပါက အထွက်နှုန်း ဆိုးဝါးစွာလျော့ကျနိုင်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသော အပူဒဏ်နှင့် ရေငတ်ဒဏ်ခံမျိုးများဖြစ်သည့် ရေဆင်းဂျုံ – ၁၁ နှင့် ရေဆင်းဂျုံ- ၁၂ တို့ကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။

ရေဆင်းစပ်မျိုးပြောင်းများဖြစ်သည့် ရေဆင်းစပ်မျိုး – ၁၀ သည် ပြောင်းရွက်ဖုံးခြောက်ရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိပြီး ရေငတ်ဒဏ်ကိုလည်းကောင်း အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ ရေဆင်းစပ်မျိုး- ၁၁ သည် အစေ့ထွက်ရာနှုန်းကောင်းပြီး ပြောင်းရွက်ခြောက်ရောဂါဒဏ်ကို အသင့် အတင့် ခံနိုင်ရည်ရှိပါသည်။ ရေဆင်းစားပြောင်းချို- ၂ မျိုးသည် အချိုဓါတ်မြင့်မား၍ စားသုံးမှု ကောင်းမွန်သောမျိုးဖြစ်ပြီး အစေ့ထွက်ရာနှုန်း ကောင်းသည့်အပြင် ပြောင်းရွက်ဖုံးခြောက်ရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။

ဆီထွက်သီးနှံ
မြန်မာပြည်အလယ်ပိုင်း မိုးရေချိန်နည်းပါးသည့် အပူပိုင်းဇုံဒေသများ နှင့် သင့်တော်သည့် ရေငတ်ဒဏ်ခံမြေပဲမျိုးများမှာ ဆင်းပဒေသာ- ၆ နှင့် ဆင်းပဒေသာ- ၁၂ တို့ ဖြစ်ပါသည်။ ဆင်းပဒေသာ- ၆ သည် အသက်ရက် (၁၀၅ – ၁၁၅) ရှိပြီး၊ ပင်ထောင်မျိုးဖြစ်၍ အထွက်နှုန်း တစ်ဧက လျှင် (၅၀ – ၆၀) တင်း ထွက်ရှိနိုင်ပါသည်။ ဆီထွက်ရာခိုင်နှုန်း (၄၉- ၅၀) ထိ ထွက်ရှိနိုင်ပါသည်။ ဆင်းပဒေသာ- ၁၂ သည် အသက်ရက် (၁၀၅ – ၁၁၀) ရှိပြီး၊ ပင်ထောင်မျိုးဖြစ်၍ အထွက်နှုန်း တစ်ဧကလျှင် တင်း (၅၀ – ၆၀) ထိ ထွက်ရှိနိုင်ပါသည်။ ဆီထွက်ရာခိုင်နှုန်း (၄၆ – ၄၇) ထိ ထွက်ရှိနိုင်ပါသည်။

ထုတ်ဝေပြီး နှမ်းမျိုးများအနက်မှ ရေငတ်ဒဏ်ကို အသင့်အတင့်ခံနိုင်ပြီး ပြည်ပဈေးကွက်ဝင် နှမ်းနက်မျိုးများဖြစ်သည့် ဆင်းရတနာ- ၃၊ ဆင်းရတနာ – ၁၄ နှင့် မကွေး နက် ၁/၁၃ နှမ်းမျိုး များသည် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသော နှမ်းမျိုးများ ဖြစ်ပါသည်။ ၎င်းရေငတ်ဒဏ်ကို အသင့်အတင့် ခံနိုင်သော နှမ်းမျိုးများသည် အသက်ရက် (၈၅-၉၅) ရှိပြီး၊ အပင်ပုံစံသည် ကိုင်းဖြာ၍ အစေ့အရောင်သည် အနက်ရောင် ဖြစ်ပါ သည်။ ဆီပါဝင်မှုသည် (၄၂ – ၄၅) ရာခိုင်နှုန်းရှိ၍ တစ်ဧကလျှင် အထွက်နှုန်း (၁၅ – ၂၀) တင်း ထွက်ရှိနိုင်ပြီး၊ အရည် အသွေး ကောင်းသောကြောင့် ပြည်ပဈေးကွက်ဝင် သီးနှံများ ဖြစ်ပါသည်။

ဆင်းပဒေသာ – ၅ မြေပဲမျိုးသည် ပင်ထောင်မျိုးဖြစ်၍ အစေ့အရောင်မှာ ပန်းရောင်ရှိပြီး ရွက်ခြောက်ရောဂါနှင့် သံချေးရောဂါဒဏ်ခံနိုင်ရည်ရှိပါသည်။ နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ -၃၊ ဆင်းရတနာ-၁၄ နှင့် မကွေးနှမ်းနက် ၁/၁၃ မျိုးများသည် နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါကို အသင့်အတင့် ခံနိုင်ရည်ရှိပြီး၊ ပြည်ပဈေးကွက်ဝင် နှမ်းနက်မျိုးများ ဖြစ်ပါသည်။ ၎င်းနှမ်းမျိုးများသည် ကိုင်းဖြာသည့်မျိုးများဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသော နှမ်းမျိုးများ ဖြစ်ပါသည်။

ပဲမျိုးစုံသီးနှံ
ပဲမျိုးစုံသီးနှံများတွင် ရေဆင်း ကုလားပဲ – ၆ မျိုးသည် ရင့်မည့်ရန် ကြာသောရက် (၇၅ – ၈၅) ရက်ကြာပြီး၊ တစ်ဧက အထွက်နှုန်း (၂၀ – ၂၅ ) တင်း ထွက်ရှိ၍ ရေသွင်းစိုက်ဒေသနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးရန် သင့်သောမျိုး ဖြစ်ပါသည်။ ၎င်းမျိုးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် ညှိုးသေရောဂါကိုလည်း ခံနိုင်ရည်ရှိသောမျိုး ဖြစ်ပါသည်။

ရေဆင်းပဲစင်းငုံ – ၉ မျိုး သည် ရင့်မှည့်ရန် ကြာသောရက် (၂၀၀ – ၂၀၅) ရက် ကြာပြီး၊ တစ်ဧက အထွက်နှုန်း တင်း (၁၅ – ၂၅) ထိ ထွက်ရှိနိုင်ပါသည်။ သီးတောင့်အရောင်သည် ခရမ်းပုတ်ရောင် ဖြစ်ပြီး ရေငတ်ဒဏ် အသင့်အတင့် ခံနိုင်ခြင်း၊ အထွက်နှုန်း ကောင်းခြင်း၊ အထွက်နှုန်း တည်ငြိမ်ခြင်းရှိပြီး၊ အစေ့အရောင်သည် နီဝါရောင် ဖြစ်သဖြင့် ဈေးကွက်ဝင်သီးနှံ တစ်ခုလည်း ဖြစ်ပါသည်။

ရေဆင်း ပဲတီစိမ်း- ၁၁ နှင့် ရေဆင်း ပဲတီစိမ်း- ၁၄ မျိုးတို့သည် အသက်လျင်၍ မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီမရွေး စိုက်နိုင်ပြီး၊ အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ရေဆင်း ပဲတီစိမ်း- ၁၄ သည် ရွက်ပြောက်ရောဂါကိုလည်း အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ ရာသီမရွေး စိုက်ပျိုးနိုင်သော ရေဆင်းမတ်ပဲ- ၇ သည် အထွက်နှုန်းကောင်းပြီး၊ အဝါရောင်မိုစေ့ရောဂါကို ခံနိုင်ရည် ရှိပါသည်။ ကုလားပဲ ရွှေနီလုံးကြီးမျိုးသည် အစေ့အရွယ်အစားကြီးပြီး အသက်လျင် အထွက်ကောင်းသည့်အပြင်၊ ညှိုးသေရောဂါဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ မိုးရာသီတွင် တောင်ပေါ် ဒေသအတွက် စိုက်ပျိုးရန် သင့်တော်သော ရေဆင်းပဲပုပ်- ၁၂ မျိုးသည် အစေ့အရွယ်အစား ညီညာပြီး Bacterial pustules ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ မိုးရာသီဒေသမရွေး စိုက်ပျိုးနိုင်သော ရေဆင်း ပဲပုပ်- ၁၄ သည် အသက်လျှင်ပြီး၊ ဒေါင်းနီမှို (Downy mildew) ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။

စက်မှုသီးနှံ
ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော ကြံမျိုးသစ်တစ်မျိုးဖြစ်သည့် DAR – 4 သည် သက်ကြီးမျိုး အုပ်စုတွင် ပါဝင်ပြီး အသက်ရက် (၁၂) လ ရှိပါသည်။ ကြံမျိုး၏ လုံးပတ်မှာ (၈.၇၅ – ၉.၅) လက်မ ရှိပြီး ဆစ်ကြားအရှည် သည် (၅- ၇) လက်မ ခန့်ရှိပါသည်။
အချိုဓါတ်ရာနှုန်း (၁၉ – ၂၁) ရာခိုင်နှုန်းရှိပြီး၊ သကြားအထွက် (၁၂.၅ – ၁၃.ဝ) ရာခိုင်နှုန်း ထွက် ရှိပါသည်။ ၎င်းမျိုး၏ ထူးခြားချက်မှာ ပန်းမပွင့်ခြင်းဖြစ်၍ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိရုံ သာမက မှိုနှံရောဂါနှင့် အူနီရောဂါကို ခံနိုင်ရည်ရှိပြီး၊ တစ်ဧကလျှင် ကြံထွက် (၅၀ – ၇၀) တန် ထွက်ရှိပါသည်။

ချည်မျှင်ရှည်ဝါမျိုးဖြစ်သည့် လိုင်း- ၆၆ ဝါ မျိုးသည် အသက်ရက် (၁၃၅ – ၁၄၅) ရှိ၍ တစ်ဧက အထွက်နှုန်း (၇၀၀ -၁၀၀၀) ကီလိုဂရမ်ခန့် ထွက်ရှိနိုင်ပြီး၊ စုပ်စားပိုးဒဏ်ကိုခံနိုင်သော မျိုးတစ်မျိုး ဖြစ်ပါသည်။

ဟင်းသီးဟင်းရွက်သီးနှံ
ထုတ်ဝေပြီးမျိုးများဖြစ်သော ဆင်းခရမ်းချဉ် (၁) နှင့် ဆင်းခရမ်းချဉ် (၃) မျိုးများသည် အသက်လျှင်၍ အထွက်ကောင်းပြီး မိုးရာသီတွင် အသီးတင်မှု ကောင်းသောမျိုးများ ဖြစ်ပါသည်။ ဆင်းခရမ်းချဉ် – ၂ သည် အဝါရောင်ရွက်တွန့် ဗိုင်းရပ်စ် ရောဂါကို အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။

အလားအလာကောင်းသော ကြက်ဟင်းခါးမျိုးသစ်များသည် AVBG- 1301၊ AVBG- 1304 နှင့် AVBG- 1601 မျိုးများသည် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် အထွက်ကောင်းမျိုးများ ဖြစ်သည့်အပြင် ဖားဥ မှိုရောဂါကို ခံနိုင်ရည်ရှိပါသည်။

အလားအလာကောင်းသော ရွှေဖရုံမျိုးသစ်များဖြစ်သည့် AVPU- 1502၊ AVPU- 1504 နှင့် AVPU- 1507 မျိုးတို့သည် အသက်လျင်၊ အထွက်ကောင်း၍ မိုးရာသီတွင် ဖြစ်ထွန်းသည့်အပြင် ဖားဥမှိုရောဂါကို ခံနိုင်ရည်ရှိပါသည်။

အလားအလာကောင်းသော ငရုပ်မျိုးသစ်များဖြစ်သည့် AVPP 1111၊ AVPP 1245 နှင့် AVPP 1346 မျိုးတို့သည် သက်လျင်အထွက်ကောင်းသည့်အပြင် Thrip ပိုးဒဏ်ခံနိုင်ရည်ရှိပြီး၊ ပင်ညှိုးရောဂါကိုလည်း ခံနိုင်ရည်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် ရေမြေဒေသနှင့် ကိုက်ညီ၍ အထွက်နှုန်း ကောင်းခြင်း၊ အသက်လျှင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ရေငတ်ဒဏ်ခံနိုင်ခြင်း နှင့် အရည်အသွေး ကောင်းမွန်ခြင်း စသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ခြင်းနှင့် တစ်ဧကအထွက်နှုန်း တိုးရေးအတွက် စိုက်ပျိုးနည်းပညာများ ရှာဖွေဖော်ထုတ်ခြင်း သုတေသနလုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိသကဲ့သို့ ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေရှိမည့် သီးနှံမျိုးများနှင့် စိုက်ပျိုးရေး နည်းပညာများကိုလည်း သုတေသနပြုလုပ်၍ တောင်သူလယ်သမား အကျိုးပြု သုတေသနများကို စဉ်ဆက်မပြတ် ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။

***၂၂.၆.၂၀၂၀ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင်[ဒေါက်တာနိုင်ကြည်ဝင်း- စိုက်ပျိးရေးသုတေသနဦးစီးဌာန]၏ “စိန်ခေါ်ရာသီ နှင့် လိုက်လျောညီသည့် သုတေသနမှ သီးနှံမျိုးများအကြောင်း” ဆောင်းပါးအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။