မြန်မာဆေးမားအူးလ်SMU သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ့ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း မြန်မာ့ဆယ်မာ အူးလ်ဂွန်ဂို ( ကျေးရွာငွေတိုက်ထူထောင်ခြင်း) သင်တန်းဖွင့်ပွဲကျင်းပ


မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်စီမံကိန်း ကျေးရွာများ၏အောင်မြင်မှုကို အခြေခံ ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာငွေတိုက် ထူထောင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း မြန်မာ့ ဆယ်မာ အူးလ်ဂွန်ဂို ( ကျေးရွာ ငွေတိုက် ထူထောင်ခြင်း) သင်တန်း အမှတ်စဉ်(၂/ ၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်း ကျောင်း၌ ကျင်းပ ရာ ကျောင်းအုပ်ကြီး မစ္စတာဂျောင်ဂတ်ဂျင်းက အမှာစကား ပြောကြားသည်။


စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေး ကိုကိုက ”ကျေးရွာငွေတိုက်သင်တန်းက စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာ ဆေးမားလ်အူး အွန်ဒုန်စီမံကိန်းဆိုတာ ရှိပါတယ်။ ကျေးရွာတွေရဲ့ လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၊ ရွာသူ ရွာသား တွေရဲ့ ဝင်ငွေတိုးပွားရေးလုပ်ငန်းစဉ်၊ ရွာသူ ရွာသားတွေရဲ့ စွမ်းဆောင်ရည်မြင့်မားရေးဆိုပြီး လုပ်ငန်းစဉ်ကြီးသုံးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီအထဲမှာ အားလုံး ပါဝင်ပူးပေါင်း ညှိနှိုင်းပြီး ဆောင်ရွက်လာတဲ့ လုပ်ငန်းစဉ်က ကျေးရွာငွေတိုက် ထူထောင် ခြင်း လုပ်ငန်း စဉ်ဖြစ်ပါတယ်။ မူလပထမစီမံကိန်းမှာတော့ ဝင်ငွေတိုးပွားရေးလုပ်ငန်းစဉ်မှာ စံပြကျေးရွာ အသီးသီးရဲ့ ငွေတိုးပွားရေးအတွက် ငွေချေးတဲ့လုပ်ငန်းစဉ်ပါပါတယ်။

ဒီ ဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်ထူထောင်ခြင်း) စီမံ ကိန်းရဲ့ ထူးခြားချက်ကတော့ ငွေစုခြင်းဖြစ်ပါတယ်။ ဆယ်မာ အူးလ်ဂွန်ဂိုက ရွာသူ ရွာသားတွေကိုယ်တိုင် အပတ်စဉ်၊ လစဉ်၊ နေ့စဉ် အစုရှယ်ယာအနေနဲ့ ငွေကျပ် ၅၀၀၀၊ ၁၀၀၀၀ သတ်မှတ်ပြီး အသင်းသားတွေက ပုံမှန်ငွေစုဆောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ စုဆောင်းရရှိတဲ့ငွေကြေးတွေကို ရွာသူရွာသားတွေထဲက စီးပွားရေးဆောင်ရွက်ချင်တဲ့သူတွေ ကို ပြန်လည်ချေးပေးပါတယ်။ အတိုးအနေနဲ့က နှစ်ကျပ်ကျပ်တိုးနှုန်း နဲ့ ချေးပေးပါတယ်။ အတိုးရဲ့ တစ်ဝက်က ကျေးရွာရဲ့ ဖွံ့ဖြိုး တိုး တက်ရေးတွေမှာ အသုံးပြုပြီး တစ်ဝက်ကိုတော့ ငွေစုတဲ့ အသင်းသားတွေကို ခွဲဝေပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဆယ်မာ အူးလ်ဂွန်ဂိုလုပ်ငန်းဟာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူမှု ရေးလုပ်ငန်းတွေ၊ လူကြီးသူမများကို စောင့်ရှောက်မှုလုပ်ငန်း တွေ၊ ကလေးငယ်တွေကို မူကြိုလို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေ၊ ရွာသူ ရွာသားတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းတွေ အားလုံးပါဝင်ပါတယ်”ဟု ပြောသည်။


ကျေးရွာငွေတိုက် ထူထောင်ခြင်းစီမံကိန်းကို ကျေးရွာ သစ်စီမံကိန်း ကျေးရွာ တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခု ရှိသည့်အနက် တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခု၏ ကျေးရွာ သစ်စီမံကိန်း ကျေးရွာ ၂၇ ရွာတွင် စတင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆောင်ရွက်သည့် ကျေးရွာများထဲတွင် အများဆုံး ကျေးရွာသည် စုဆောင်းငွေကျပ်သန်း ၂၀ ကျော်အထိရှိ ကြောင်း၊ စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးလုပ်ငန်းစဉ်များ အပါအဝင် ငွေကြေးစီမံခန့်ခွဲရာတွင် ငွေစုဆောင်းတတ်သည့် အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ကျေးရွာငွေတိုက်များ စတင်ထူထောင်ရန် လိုအပ်သောနည်းပညာများနှင့် ငွေကြေး အကူအညီများ ထောက်ပံ့ပေး နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် Korean Federation of Community Credit Cooperatives တို့ ဇွန်လက သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့်နှစ်က ကျေးရွာငွေတိုက် ၁၃ ခုကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ယခုနှစ် ဧပြီလတွင် ကျေးရွာငွေတိုက် ၂၇ ခုကို တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာကျေးရွာ ငွေတိုက် ကို အခြားသောကျေးရွာအသစ်များနှင့် နိုင်ငံတစ်ဝန်းသို့ တိုးချဲ့ ဖြန့်ကြက်ရန်အတွက် လက်ရှိကျေးရွာငွေတိုက်များ၏ အခက် အခဲနှင့် ပြင်ဆင်ဖြည့်စွက်ရမည့် အချက်များကို ဆန်းစစ်လေ့လာ ပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ကျေးရွာငွေတိုက်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စီမံလည်ပတ် ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း၊ ကိုရီးယားနိုင်ငံ KFCC ရုံးချုပ်မှ စီနီယာ မန်နေဂျာ Mr. Sim Woo Jong ကပြောသည်။