စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဇူလိုင်လ(၂၃)ရက်နေ့ နေ့လယ် ၂ နာရီက International Finance Corporation (IFC) ၏ Senior Operations Officer ဖြစ်သူ Mr. Colin Taylor နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာတွင် အာဖရိကဝက်အပြင်းဖျားရောဂါကို (က)အဆင့် စာရင်းဝင် ကူးစက် ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီးနောက် အာဖရိကဝက်အပြင်းဖျား ရောဂါနှင့် ပတ်သက် ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ အာဖရိကဝက် အပြင်းဖျား ရောဂါဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သွားရေး ၊ ရန်ကုန် နှင့် မန္တလေး မြို့တို့၏ တိရစ္ဆာန်နှင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းများတွင် Polymerase Chain Reaction (PCR) နှင့် Enzyme-linked Immunosorbent Assay (ELISA)နည်းများဖြင့် အာဖရိကဝက် အပြင်းဖျားရောဂါအား ရှာဖွေ စစ်ဆေးခြင်းကိစ္စရပ်များ၊ FAO နှင့်အတူ ပူးပေါင်း၍ အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု လျော့ကျရေးအတွက် ကြိုတင်ကာကွယ်မှုဆိုင်ရာ မဟာ ဗျူဟာများနှင့်ပတ်သက်၍ သင်တန်းပို့ချ ဆောင်ရွက်ခဲ့မှုများ၊ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်နိုင်ရေး အတွက် မြို့နယ်များမှ တိရစ္ဆာန်ဆေးကု ဆရာဝန်များအား သင်တန်းပေး ဆောင်ရွက်နေမှုများ၊ အာဖရိကဝက်အပြင်းဖျားရောဂါ အပါ အဝင် အခြားသောရောဂါဖြစ်ပွားမှုကို ရောဂါစူးစမ်း လေ့လာရေး နည်းပြသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။