ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ။

         ယနေ့ နိုင်ငံတော်အတွင်းရှိ  မြေလွတ်၊မြေလပ်နှင့်မြေရိုင်း ဧကပေါင်း(၄၉) သန်းခန့် အား နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ထားရှိပြီး နိုင်ငံစီးပွား တိုးမြှင့် စေရန် အမှန်တကယ်ဆောင်ရွက်လုပ်ကိုင်ကြမည့်သူ အားလုံး အတွက် ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ တပိုင်တနိုင် စိုက်ပျိုး၊မွေးမြူရေး အမှန်တကယ် လုပ်ကိုင်လိုသူများ အပါအဝင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စိစစ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း  နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅)ရှိ စိုက်ပျိုးရေး၊ မေွးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၃)ကြိမ် မြောက် အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟို ကော်မတီဥက္ကဌနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။

ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေအရ သတ်မှတ်ထားသောလုပ်ငန်းများနှင့် ဥပဒေအရ ခွင့်ပြုထားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအတွက်   လျှောက်ထားရယူ နိုင်ပါကြောင်း၊ မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် ဆင်းရဲ ချမ်းသာ အင်အားကြီး ငယ်မရွေး အဆင့်အတန်းခွဲခြားခြင်းမရှိပဲ  နိုင်ငံသား အားလုံးအတွက် ဥပဒေ အောက်တွင် တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရန် သတ်မှတ် ပြဌာန်းပြီး ဖြစ်ကြောင်း၊ အဆိုပါမြေများအား နိုင်ငံသားတိုင်း တည်ဆဲဥပဒေ များကို လေးစားလိုက်နာပြီး ဥပဒေနှင့်အညီ စနစ်တကျ လျှောက်ထားရယူ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်သာ လိုအပ်ပါကြောင်း၊

         မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို ရယူအသုံးပြုမည့် ကာယကံရှင် ပုဂ္ဂိုလ်အဖွဲ့ အစည်းများအနေဖြင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများဥပဒေပါ ပြဌာန်းချက်အတိုင်း ရယူ အသုံးပြုခြင်းဖြင့် အဆိုပါအသုံးပြုသူများအတွက် ဥပဒေနှင့်အညီ အကာအကွယ် များ အပြည့် အဝ ခံစားရရှိနိုင်မည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ မြေအသုးချမှု စာရင်းဇယား၊ ကိန်းဂဏန်း ကောက်ယူပြုစုနေသော အဖွဲ့အစည်းများ အတွက်လည်း တိကျ မှန်ကန်သော စာရင်းများ ပြုစုရရှိနိုင်မည်ဖြစ်၍ နိုင်ငံတော်အနေ ဖြင့်လည်း အဆိုပါ မှန်ကန် သော စာရင်းဇယား၊ ကိန်းဂဏန်းများကို အသုံးပြုခြင်း အားဖြင့် နိုင်ငံတော်၏ စီးပွာရေး တိုးတက်မှုနှုန်းထား တွက်ချက်ရာ၌ မှန်ကန်မှုကို တိကျစွာ အထောက်အကူပြု သွားမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

         အစည်းအဝေးတွင် ယခင်အစိုးရကာလ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုလျှောက်ထားလာသည့် အမှုတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၄/၂၀၁၇)၊ (၁၉/၂၀၁၉)၊ (၂၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ်  စိစစ်တင်ပြ လာသည့်ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ လည်းကောင်း ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်, အသုံးပြုခွင့်ရရှိ သူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဃ)ပါ စည်းကမ်းချက်များအား ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုများအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများ ကိုလည်းကောင်း  ဆွေးနွေးခဲ့ ကြသည်။