နယ်သတင်းများ သတင်းကဏ္ဍ

တနင်္သာရီတိုင်းဒေသကြီး တွင် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း ဖွင့်လှစ်

         တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းနှင့် တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး (၂)ထပ်ရုံး အဆောက်အဦး ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်(၈) နာရီတွင် ထားဝယ်ခရိုင် ဦးစီးမှူးရုံးဝန်း အတွင်း ၌ ကျင်းပခဲ့ရာ အခမ်း အနား သို့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်တာဝန်ရှိသူများ၊ ခြံတာဝန်ခံများနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ပြီး အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီး က အဖွင့်အမှာစကားပြောကြား သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ၊ တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူး ဦးနိုင်ဦး က သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း နှင့် တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့ ၊ သီးနှံ ကာကွယ်ရေး (၂)ထပ်ရုံး အဆောက်အဦး ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း ဖွင့်လှစ်ခြင်း အထိမ်း အမှတ်အလံအား တိုင်းဒေသကြီးဝန်ကြီး အား ဂါရဝပြုပေးအပ်သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီး နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကြေးပြား အား အမွှေးနံ့သာရည်ပက်ဖျန်းကြပြီး သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။