သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကိုရီးယားနည်းပညာဖြင့်သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတတ်ပညာများ ကို ရန်ကုန်မြို့တွင် လေ့လာသင်ယူ နိုင်တော့မည်

                စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်စေရန် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ယင်းမျှော်မှန်းချက်အား လက်တွေ့ အကောင် အထည် ဖော်ဆောင်ရာ တွင် အထောက်အပံ့ဖြစ်စေမည့် “ Korea Vocational Training Center ” စီမံကိန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ကိုရီးယား သမ္မတ နိုင်ငံ Korea Foundation For Life and Culture Movement (FLCM Foundation) တို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

                    တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့ တွင် အခြေစိုက်ဖွဲ့စည်းထားသည့်   FLCM Foundation က အမေရိကန်ဒေါ်လာ(၉)သိန်းကျခံကာ ရန်ကုန်မြို့တွင် Korea Vocational trainings Centre အကောင်အထည်ဖော်ဆောင်ရွက်မည့်  စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခွန်အေးနိုင် နှင့် FLCM Foundation မှ ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။

                     အဆိုပါစီမံကိန်းအရ ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ခြင်းမရှိသည့် လူငယ်လူရွယ်များကို ကိုရီးယားနည်းပညာဖြင့်သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတတ်ပညာများ လေ့လာသင်ယူခွင့် ရရှိစေမည်ဖြစ်ကာ ကျွမ်းကျင်လုပ်သားများ အဖြစ် အလုပ်အကိုင် ရရှိစေရန် နှင့် ကိုယ်ပိုင် အလုပ်ရုံ လုပ်ငန်းများ တည်ထောင် ဆောင်ရွက် နိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။