သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

APTERR အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ PMT အစည်းအဝေး ကျင်းပ။

APTERR အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့ Program Management Team-PMT အစည်းအဝေး ကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန် က တော်ဝင်နေပြည်တော်ဟိုတယ် ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မေွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနား တွင် APTERR အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့  အတွင်းရေးမှူး ဦးအေးကိုကို က APTERR အစီအစဉ်-၃ အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး က ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် APTERR ကောင်စီ  ၏ ၈ကြိမ်မြောက် အစည်းအဝေးကျင်းပရေး အစီအစဉ်မူကြမ်း နှင့် လုပ်ငန်း ကော်မတီ နှင့်ဆပ်ကော်မတီ များဖွဲ့စည်းခြင်း(မူကြမ်း) ကိုလည်းကောင်း တင်ပြ ဆွေးနွေးကြသည်။

၂၀၁၁ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ၌ကျင်ပပြုလုပ်သည့် ၁၁ ကြိမ်မြောက် အာဆီယံ အပေါင်းသုံး စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးများထိပ်သီးအစည်းအဝေး APTERR သဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး APTERR အစီအစဉ်-၃ ဖြင့် အရေးပေါ်အရန်ဆန်ရိက္ခာအား အိမ်ရှင်နိုင်ငံအဖြစ် သိုလှောင်ခြင်းကို ၂၀၁၇ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ တရုတ်၊ကိုရီးယားနိုင်ငံများ ပူးပေါင်း ၍  သဘာဝဘေး ကြုံတွေ့ရသည့်ဒေသများအတွက် အရေးပေါ်ကူညီထောက်ပံ့ ပေးနိုင်ရန် အာဆီယံ အပေါင်းသုံး နိုင်ငံ အရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ် APTERR သဘောတူညီချက်အရ အရေးပေါ်သတ်မှတ် အစီအစဉ်(၁)တွင် သတ်မှတ်ဆန်အား စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊  အစီအစဉ်(၂)တွင် သတ်မှတ်ဆန်အား ကာလရှည် ချေးငွေ/အကူအညီဖြင့် ဖြန့်ဝေခြင်း၊  အစီအစဉ် (၃)တွင် သိုလှောင် ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ အရေးပေါ်ကူညီထောက်ပံ့မှုသည် အကူအညီရယူသည့် နိုင်ငံ၏ ဆင်းရဲချမ်းသာမှု ၊ ဆန်စပါးထုတ်လုပ်နိုင်မှုစွမ်းအား တို့နှင့် သက်ဆိုင်ခြင်းမရှိပဲ ဒေသအတွင်းစားနပ်ရိက္ခာဖူလုံရေး၊ အရေးပေါ် လိုအပ်ချက်ကြုံတွေ့ရပါက ထိရောက်သော ဆန်ရိက္ခာ ကူညီထောက်ပံ့ပေးနိုင်ရေးကိုသာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

APTERR အစီအစဉ်(၃)အရ ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန် တန်ချိန် ၅၀၀ နှင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၈၀၀ ကို လည်း ကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံ မှ လှူဒါန်းသော ဆန်တန်ချိန် ၃၀၀ နှင့် ကိုရီးယား သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀၀ ကိုလည်းကောင်း သဘာဝ ဘေးသင့် ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။