ဦးစီးဌာနသတင်းများ

စွမ်းအားမြင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်းဆိုင်ရာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စွမ်းအားမြင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်းကို Video Conferencing ပြုလုပ်၍ နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဇွန်လ ၂၂ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ညွှန်ကြားရေးမှူးများ၊ ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန Climate Change Center-CCC  မှ အတွင်းရေးမှူးချုပ် Ms. Sohee Kim နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန CCC ၏ ထောက်ပံ့ငွေ (Grant) အမေရိကန်ဒေါ်လာ (၁၆)သန်း ဖြင့် ၂၀၂၀ခုနှစ် မှ ၂၀၂၆ခုနှစ်အထိ (၇)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စွမ်းအားမြင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ကို  စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် CCC အတွင်းရေးမှူးချုပ် တို့က  စီမံကိန်းဆိုင်ရာသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီး ပြည်နယ်(၆)ခုရှိ ကျေးလက်ဒေသများတွင် လောင်စာ ထင်းသုံးစွဲမှု လျော့ချနိုင်ရန် ၊ သစ်တောပြုန်းတီးမှုမှကာကွယ်နိုင်ရန် ၊ မြန်မာနိုင်ငံအတွက် Carbon Credit ရရှိနိုင်ရန် ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရန် ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ တိုးချဲ့ထူထောင်နိုင်ရန် စသည့် စီမံကိန်း၏ ရည်မှန်းချက်များဖြင့် စီမံကိန်းကာလ ၇ နှစ် အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ နှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်များရှိ အိမ်ထောင်စုပေါင်း ၁.၇၂၈ သန်း ကို စွမ်းအားမြင့် မီးဖိုများ အခမဲ့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာသစ်လှုပ်ရှားမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄ ဒဿမ၃၂)သန်း ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။