နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများတွင် လိုအပ်သည့် အရည်အသွေး အရည်အချင်းရှိသည့် လူ့စွမ်းအား အရင်းမြစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဆောင်သစ်များ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးဆောင်ရွက်သကဲ့သို့ ဘာသာရပ် အသစ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ဆရာ၊ ဆရာမ စသည့် လိုအပ်ချက်များကို တစ်ချိန်တည်းတစ်ပြိုင်တည်း အရည်အချင်းမွမ်းမံ မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်ကြီးများ အဖြစ် ရပ်တည်နိုင်ရေး ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ လ (၂၂)ရက်နေ့ နံနက်(၈)နာရီချိန် က စိုက်ပျိုးရေး တက္ကသိုလ် နှစ်ထပ်စာသင်ဆောင်ခန်းမ(၂)တွင် ပြုလုပ်သည့် စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် RC နှစ်ထပ် စာသင်ဆောင်(၂)ဆောင် နှင့် ဌာနသစ်(၄)ခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းနားတွင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ပြောကြားသည်။
ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များတက်ရောက်ခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် RC နှစ်ထပ် စာသင်ဆောင်(၂)ဆောင် တွင် ရုံးခန်း၊ စာသင်ခန်းမ နှင့် လက်တွေ့ခန်းများ ပါဝင်ပြီး ၊ ဌာနသစ်(၄)ခု အနေဖြင့် တိုးချဲ့ပညာပေးရေးဌာန Agricultural Extension ၊ သီးနှံဆိုင်ရာ အဏုဇီဝနည်းပညာဌာန Plant Microbiology ၊ အပင်ဇီဝ နည်းပညာ ဌာန Agricultural Biotechnology ၊ အစားအစာ ဆိုင်ရာ သိပ္ပံနှင့်နည်းပညာဌာန Food Science and Technology စသည့် ဌာန(၄)ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဌာနသစ်(၄)ခု အတွက် လိုအပ်သည့် ဓါတ်ခွဲခန်းပစ္စည်းများ ဖြည့်တင်းမှု အား ဌာနခွင့်ပြု ရန်ပုံငွေဖြင့် လည်းကောင်း၊ မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့်လည်းကောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှ စ၍ JICA-TCP Phase-2 ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပညာရှင်များအတွက် Common Lab အား ယင်းအဆောက်အဦးတွင် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။