စိုက်-မွေးသုတ မိသားစုဥယျာဉ် သတင်းကဏ္ဍ

မှိုစားသုံးမှုများအကြောင်းသိကောင်းစရာ

ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နှစ်သက် စွာ ချက်ပြုတ်စားသောက်လျက်ရှိနေကြသော မီးဖိုချောင်သုံးသီးနှံများတွင် မှိုလည်းအပါအဝင်ဖြစ်ပါ သည်။ ရှေးယခင်က ကမ္ဘာပေါ်တွင် ပူအိုက်စွတ်စိုသည့်ရာသီဥတု၌ သဘာဝအလျောက်အလေ့ကျ ပေါက်ရောက်လေ့ရှိသော သဘာဝမှိုများကိုသာ စားသုံးနေခဲ့ကြရသည်။ ကမ္ဘာပေါ်တွင် သဘာဝ အလျောက်ပေါက်ရောက်သည့် မှိုအမျိုးအစားရာကျော်ရှိနေပြီး အချို့သောမှိုအမျိုးအစားများမှာ အခန့်မသင့်ပါက မှိုဆိပ်တောက်၍ အကြောတက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့ဖြစ်စေနိုင် သည့်အပြင် အသက်သေဆုံးသည်အထိပင် အန္တရာယ်ရှိနိုင်ပါသည်။
အဆိပ်ရှိသည့်မှိုနှင့် စားသုံးသင့် သည့် မှိုများကို ခွဲခြားသိရှိနိုင်ရန်မှာ မလွယ်ကူလှဘဲ တိကျသေချာသော ခွဲခြားနည်းများလည်း ယနေ့ထိ ရှာဖွေမတွေ့ရှိသေးပါ။ အဆိပ်ရှိသည့်မှိုနှင့် စားသုံးသင့်သောမှိုကို ခွဲခြားသိရှိနိုင်သည့် ဒေသ အလိုက် မိရိုးဖလာခွဲခြားနည်းများရှိပါသော်လည်း ရာနှုန်းပြည့်ယုံကြည်စိတ်ချရလောက်သည့် အနေအထားမျိုး မဟုတ်သေးပါ။ သို့ဖြစ်ပါ၍ သဘာဝအလျောက်ပေါက်ရောက်သော မှိုများအား စားသောက်တော့မည်ဆိုလျှင် အရပ်ဒေသအလိုက် ဒေသခံများစားသုံးလေ့ရှိသော၊ စားသုံးဘူးသော မှိုများကိုသာ အတိအကျစူးစမ်းလေ့လာပြီးမှ ရွေးချယ်စားသောက်သင့်ပါသည်။ မိမိကောင်းစွာ မသိသော သဘာဝမှိုအမျိုးအစားတစ်မျိုးမျိုးအား သေချာစွာလေ့လာစူးစမ်းခြင်းမပြုဘဲ စားသုံးရန် မသင့်ပါ။ သို့ဖြစ်ပါ၍ လူသားများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာ စားသုံး နိုင်ရန် စိုက်ပျိုးရေးပညာရှင်များသည် စားသုံးသင့်သည့်မှိုများကို လေ့လာရွေးချယ်၍ မှိုမျိုးမှုန် (Spore)မှ မျိုးမွေးမြူခြင်း၊ မှိုအသားစမှမျိုးမွေးမြူခြင်း၊ သီးနှံမျိုးစေ့များအသုံးပြု၍ မျိုးပွားစာပြုလုပ် ၍ မှိုစိုက်ထုပ်ပြုလုပ် စိုက်ပျိုးထုတ်လုပ်ခြင်းများကို စမ်းသပ်မှု သုတေသနလုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမှိုများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးမွေးမြူထုတ်လုပ်လာခဲ့ရာ ယနေ့ ကာလတွင် စားသုံးသူပြည်သူများအနေဖြင့် စိုက်ပျိုးမှိုအမျိုးမျိုးတို့ကို ယုံကြည်စိတ်ချစွာဖြင့် စိုက်ပျိုး စားသုံးနိုင်လာခဲ့ပြီဖြစ်ပါသည်။

စိုက်ပျိုးမှိုအမျိုးမျိုးတို့၏ အဓိကထူးခြားချက်မှာ သဘာဝမှိုအချို့နှင့်နှိုင်းယှဉ်လျှင် အရသာ အနေဖြင့် ပေါ့သည်ဟုထင်ရသော်လည်း စားသုံးသူလူသားများအတွက် ဘေးအန္တရာယ်လုံးဝကင်းရှင်း ခြင်းပင်ဖြစ်သည်။ စိုက်ပျိုးမှိုဖြစ်စေ၊ သဘာဝမှိုဖြစ်စေ စားသုံးနိုင်သောမှိုအမျိုးအစားအားလုံး၏ တူညီသည့်အချက်များမှာ လူသားများကို အရသာအနေဖြင့် စွဲလမ်းမှုကိုဖြစ်ပေါ်စေခြင်း၊ အာဟာရ ဓါတ်ပြည့်ဝစေခြင်းတို့သာမကဘဲ ဗိုင်းရပ်စ်ရောဂါများကာကွယ်ပေးခြင်း၊ လူ၏ကိုယ်ခံစွမ်းအား (Immune System)ကို မြှင့်တင်ပေးခြင်းစသည့် အာနိသင်အနည်းအများသာ မှိုအမျိုးအစားလိုက်၍ ကွာခြားပါသည်။ ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန်ကာလတွင် ထိုရောဂါသည် ကာကွယ်ဆေးရော ကုသဆေးပါ ရှာဖွေစမ်းသပ်နေဆဲကာလဖြစ်သည့်အတွက် လူသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ရင်ဆိုင်ခုခံရန် အကောင်းဆုံးနည်းလမ်းမှာ မိမိတို့၏ ကိုယ်ခံအားကို မြှင့်တင်ခြင်းနည်းလမ်းသည်သာ လတ်တလောအခြေအနေအတွက် အကောင်းဆုံးနည်းလမ်းဖြစ် ကြောင်း တင်ပြလိုပါသည်။

​သို့ဖြစ်ပါ၍ လူသားတို့အတွက် ယုံကြည်စိတ်ချစွာစားသုံးနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရင်ဆိုင်ကာကွယ်ရန် ကိုယ်ခံစွမ်းအား (Immune System)ကို မြှင့်တင်ပေးနိုင်သော လူသားအကျိုးပြု စိုက်ပျိုးမှိုအမျိုးမျိုးတို့ကို မိမိတို့နေအိမ်ခြံဝန်းအတွင်း ကားဂိုဒေါင်အတွင်း၌ဖြစ်စေ၊ မီးဖိုချောင်အတွင်း ၌ဖြစ်စေ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထုတ်လုပ်ပြီး စားသုံးကြရန်အတွက် မှိုစိုက်ပျိုးနည်းပညာများကို လည်းကောင်း၊ မှိုအမျိုးမျိုးတို့၏ မှိုစိုက်ထုပ်များကိုသော်လည်းကောင်း စိုက်ပျိုးရေးဦးစီးဌာနအောက် ရှိ မှိုခြံများမှ ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းဖော်ပြအပ်ပါသည်။