သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းများ ဖွင့်လှစ်

ဒေသထွက်သီးနှံကုန်ကြမ်းများကို အခြေခံသော ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စားသောက်ကုန်များကို ထုတ်လုပ်နိုင်ရန် ၊ ဒေသခံ ပြည်သူများအတွက်  စားသောက်ကုန် အန္တရာယ်ကင်းရှင်းမှုနှင့်ပတ်သက်သည့် အသိပညာများ တိုးပွားလာစေ ခြင်း  နှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးရန်သင့်လျော်သည့် စားသောက်ကုန်များ ရရှိသုံးစွဲ နိုင်ကြစေရန် ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန က ပြည်တွင်းထွက်ကုန်ကြမ်းများအား အခြေခံသော စားသောက်ကုန်၊ လူသုံးကုန် စသည့် ကုန်ချောထုတ်လုပ်မှု နည်းပညာသင်တန်းများကို နိုင်ငံတော် ဘဏ္ဍာနှစ် အလိုက် စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက် ရှိသကဲ့သို့ နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဘက် အဖွဲ့အစည်းများနှင့်လည်းပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံ ငွေဖြင့် ဆောင်ရွက်သည့် “Training Course on Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းများ ဖွင့်လှစ်ခြင်း အခမ်းအနားကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၁၆ ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင်  အမြဲတမ်း အတွင်းဝန် ဦးကျော်ငွေ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က Training Course on Food Processing စီမံကိန်း ဆောင်ရွက်ခြင်း နှင့်ပတ်သက်၍ လည်းကောင်း၊

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဆွေတင့် က စီမံကိန်း အစီအစဉ်များ ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စားသောက်ကုန်၊ လူသုံးကုန် သင်တန်း အကြိမ်(၃၀၀)အပါအဝင်  ကာလတို အသက်မေွး ဝမ်းကျောင်းသင်တန်းပေါင်း(၅၀၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်‌ရေး အထူးရန်ပုံငေွ ဒုတိယအသုတ်တွင် Training Course on Food Processing မံကိန်းအား ရွေးချယ်ခံရသည့်အတွက်  ယခုဆောင်ရွက်မည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းများကို  တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄)ခုတို့တွင် ဖွင့်လှစ် ပို့ချပေး နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည်ပထမအကြိမ်ဖြစ်ပြီး သင်တန်းကာလ ၇ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများနှင့် ကချင်ပြည်နယ်တို့မှ သင်တန်းသား သင်တန်းသူ ၂၀ ဉီးတို့ တက်‌ရောက်လေ့လာလျက်ရှိပြီး သင်တန်းတွင် ဆန်အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ခြင်း၊ ပဲအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ တာရှည်ခံသီးနှံ‌ခြောက်များ ထုတ်လုပ်ခြင်း၊ သဘာဝ သစ်သီးဖျော်ရည်၊ ယို၊ ဂျယ်လီဆော့စ် နှင့် ဝိုင် အမျိုးမျိုးထုတ်လုပ်ခြင်း၊ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အာဟာရပြည့်ဝရေးဆိုင်ရာ မံခန့်ခွဲမှု နည်းလမ်းများ စသည့်ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။