နယ်သတင်းများ

မင်းဘူး(စကု)မြို့နယ် ကမ်းနီမြစ်ရေတင်လုပ်ငန်းမှ နွေသီးနှံစိုက်ပျိုးအောင်မြင်နေမှုနှင့် WUA/WUG လုပ်ငန်း ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်တွင် ကမ်းနီလျှပ်စစ်မြစ်ရေ တင်လုပ်ငန်းမှ နွေသီးနှံ စိုက်ပျိုး အောင်မြင်နေမှုနှင့် WUA/WUG လုပ်ငန်းဆောင်ရွက်နေမှုအား ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ရှိသူများသည်  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးအရာရှိ(မြို့ပြ) ဦးမင်းဘုန်းပိုင်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (မင်းဘူးခရိုင်) ကမ်းနီလျှပ်စစ် မြစ်ရေတင်လုပ်ငန်းတွင် ဌာနနှင့် တောင်သူ လယ်သမားပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှုစနစ် (Participatory Irrigation Management)စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးအတွက် ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို သက် ဆိုင်ရာဌာနများနှင့် ဆည်ရေကိုအသုံးပြုသည့် တောင်သူများ အစုအဖွဲ့(WUG) ၃၄ ဖွဲ့ရှိပြီး အဖွဲ့ဝင် တောင်သူ (၃၃၈) ဉီးရှိပါကြောင်း၊ ရေအသုံးချသူများ(Water Users Associatoin) အစုအဖွဲ့တို့သည် ၂၀၂၀-၂၀၂၁ မိုးသီးနှံရာသီအတွက် ဆည်ရေပေးဝေနေမှုစနစ်အား ပူးပေါင်းထိန်းသိမ်းသည့်အနေဖြင့် လယ်ကြားမြောင်းနှင့် တိုက်ရိုက်ရေထုပ်ပေါက်များ ထိန်းသိမ်းခြင်း၊ ခြုံနွယ်ရှင်းလင်းခြင်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကမ်းနီမြစ်ရေတင်စခန်းတွင် ဧက ၇၀၀ ကျော်လောက် စိုက်ပျိုးနိုင်ပါ တယ်၊ အခုလို စိုက်ပျိုးနိုင်ပြီး မိုးမမျှော်ရတဲ့အတွက် ကျွန်တော်တို့ တစ်ဧကကို ပျမ်းမျှ ဆယ်တင်းလောက်တော့ ထွက်မယ်လို့ သတ်မှတ်ထားပါတယ်၊ နှမ်းကို  ရေအရင်းအမြစ်ရဲ့ ကျေးဇူးကြောင့် ထွက်နှုန်း ကောင်းခဲ့ပေမယ့် ဈေးကွက်စီးပွားရေးကြတော့ အကျိုးခံစားခွင့် တော့ နည်းပါတယ်၊ မနှစ်က ဒီလိုအချိန်ဆိုရင် နှမ်းသီးနှံကို ရှစ်သောင်း၊ ကိုးသောင်းလောက် ရောင်းရပါတယ်၊ ဒီနှစ်ကျတော့ လေးသောင်းခွဲ၊ ငါးသောင်းလောက်ပဲ ပေါက်ဈေးရှိပါတယ်၊ အလုပ်သမားရှားပါးမှု၊ ဈေးကြီးမှုတို့ ပိုးသတ်ဆေးဆိုရင်လည်း တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လာပြီး သီးနှံရောင်းဈေးက ဈေးတက်မလာတော့ တောင်သူတွေ အဖို့တော့ အခက်အခဲရှိပါတယ်ဟု” ရွာသာယာကျေးရွာ ကမ်းနီရေအသုံးပြုသူများအသင်း ဥက္ကဌ ဦးလှအောင်က ပြောပါသည်။

အဆိုပါ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ပြင်သစ် ဖွံ့ဖြိုးရေးအေဂျင်စီ(AFD)တို့ ပူးပေါင်း၍  (AFD) အဖွဲ့၏ အထောက်အပံ့ဖြင့် ဘက်စုံအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)