ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေအသုံးချသူများအဖွဲ့(WUG) များနှင့် ကွင်းဆင်းတွေ့ဆုံ

သဖန်းဆိပ် ဆည်‌ရေသောက်ဧရိယာအတွင်း JICA (ODA) ချေးငွေဖြင့်ဆောင်ရွက်နေသော ဆည်ရေသောက် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်လွင် သွားရောက်စစ်ဆေးသည်။

             ရှေးဦးစွာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွာတော်ကုန်း ကျေးရွာအနီးရှိ ယခုနှစ် ဖော်ဆောင်ပြီး ဖြစ်သည့် စနစ်ကျ လယ်ယာမြေ ၃၁၅ ဧက စီမံကိန်းနေရာတွင် ရေအသုံးချသူ များအဖွဲ့ (WUG) များနှင့်တွေ့ဆုံ၍ တောင်သူများ၏ အကျိုးစီးပွားအတွက် ရည်ရွယ်ကာ စနစ်တကျလယ်ယာမြေ ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ စီမံလမ်းညွှန်မှုနှင့်အညီ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် ရေစီမံ ခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်လာစေရန်အတွက် ရေအသုံးချ သူများအဖွဲ့ (WUG) များကို ဆည်ရေသောက်တစ်ခုလုံး၏ လက်တံမြောင်း၊ လက်တံခွဲမြောင်းနှင့် တိုက်ရိုက်ရေပေး မြောင်းများအလိုက် တိုးချဲ့ဖွဲ့စည်းသွားရန် လိုအပ် ကြောင်း၊ ပြောင်းလဲလာသော ရာသီဥတု အခြေအနေအရ ရေလိုအပ်ချက်နည်းသော စိုက်နည်းစနစ်များ အသုံးပြုခြင်း၊ သီးနှံပုံစံများ ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေကို စနစ်တကျ ချိုးခြံချွေတာ စီမံသုံးစွဲခြင်းများ လိုအပ်ကြောင်း၊ မိမိတို့ ဌာနမှလည်း လိုအပ်သော အကူအညီများကို တတ်နိုင်သမျှ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းနှင့် တောင်သူများ ကလည်း မိမိတို့၏လိုအပ်ချက်အခက်အခဲများကို တင်ပြပေး သွားရန် ဆွေးနွေးပြောကြားသည်။​​ယင်းနောက် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့် ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်နိုင်က ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များ၊ စည်းမျဉ်း စည်းကမ်းများနှင့် ဆည်ရေကို စနစ်တကျသုံးစွဲခြင်းဖြင့် စိုက်ဧကများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရွာတော်ကုန်း စနစ်ကျလယ်ယာမြေ စီမံကိန်းဧရိယာအတွင်းရှိ တောင်သူ ဦးတင်ဆောင်၊ ဦးမင်းမင်းအေးနှင့် ဦးထွန်းအေးတို့က ဖွဲ့စည်းထားသော ရေအသုံးချသူများအဖွဲ့ (WUG) များအနေဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုနှင့် ယခုနှစ် မိုးစပါးရာသီတွင် စနစ်ကျ လယ်ယာမြေစီမံကိန်းဧရိယာအတွင်း စိုက်ဧက ၁၅၀ ခန့်ကို SRI စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးရန် ရည်ရွယ် ထားပြီး ကျန်စိုက်ဧကများကိုလည်း ကောက်စိုက်စက်များ ဖြင့် စိုက်ပျိုးရန် အတွက် ကောက်စိုက်စက်များ ဖြည့်ဆည်း ပေးစေလိုပါကြောင်း၊ ယခင်နှစ်မိုးရာသီက ကြုံတွေ့ ခဲ့ရသော ရေနုတ်မြောင်းပိတ်ဆို့၍ ရေစီးရေလာမကောင်းသည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တောင်သူများ လိုအပ်သော လယ်ယာသုံး စက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် နည်းမှန်လမ်းမှန် စိုက်နည်းစနစ်များ ထပ်မံပံ့ပိုးပေး နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်၍ ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စနစ်ကျလယ်ယာမြေစီမံကိန်းဧရိယာအတွင်းရှိ ရေနုတ် မြောင်း၊ ရေသွင်းမြောင်း၊ ကုန်ထုတ်လမ်းများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။