ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Ly Auoc Tuan  အား လက်ခံ တွေ့ဆုံ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီ (၂၁)ရက်နေ့ နေ့လယ် ၁၁ နာရီတွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Ly Auoc Tuan  အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အား  ဒေသတွင်းနိုင်ငံများ နှင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊  မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား Action Plan for the Period ပူးတွဲကြေညာချက်ပါ အတိုင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံက လာရောက်ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။