သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)၏(၃၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကို ဒီဇင်ဘာလ ၂၁ရက် နံနက် ၈ နာရီက ဇေယျာသီရိ မြို့နယ် ရေဆင်းကျေးရွာရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပရာ တိရစ္ဆာန် ဆေးသိပ္ပံဘွဲ့၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့နှင့် မွေးမြူရေးပညာဘွဲ့များအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပါရဂူဘွဲ့ (Ph.D) ရရှိသူတစ်ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc) ရရှိသူ ၁၆ ဦးနှင့် တိရစ္ဆာန် ဆေးသိပ္ပံဘွဲ့ (B.V.Sc)ရရှိသူ ၂၂၆ ဦးတို့ကို မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်းက ဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က မြန်မာနိုင်ငံတက္ကသိုလ်များညီလာခံ (၂၀၁၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်များဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ပထမ ဆုရရှိသည့် ပါမောက္ခ ဒေါက်တာလှိုင်လှိုင်မြင့် (ဌာနမှူး၊ ဆေးပညာဌာန)၊ ဒုတိယဆုရရှိသည့် ပါမောက္ခ ဒေါက်တာ စိုးစိုးဝေ (ဌာနမှူး၊ တိရစ္တာန်ဆေးကုသမှုဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာဌာန)တို့နှင့် တိရစ္ဆာန် ဆေးပညာ သိပ္ပံဘွဲ့ရရှိသူများထဲမှ တန်းစဉ်အလိုက် စုစုပေါင်း ရမှတ်အများဆုံး ရရှိကြသည့် ပထမ မသန္တာသိန်းထွန်း၊ ဒုတိယမနှင်းနှင်းထွေး၊ တတိယ မခိုင်ရွှေစင်စိုး တို့ကို ဆုများပေး အပ်ချီးမြှင့်သည်။

ထို့နောက် ပါမောက္ခချုပ်က အမှာစကားပြောကြားရာ အရည်အချင်း မြင့်မားသည့် အမျိုးသား လူ့စွမ်းအားအရင်းမြစ်များဖြင့်သာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်စွာ တည်ဆောက် နိုင်မည်ဖြစ်သောကြောင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ လူ့စွမ်းအား အရင်းအမြစ် ဖြစ်သည့် မွေးမြူဆေးကု ဆရာဝန်များ မွေးမြူရေးပညာရှင်များကို စဉ်ဆက်ပြတ် နှစ်စဉ်မွေးထုတ် ပေးလျက်ရှိကြောင်း၊ သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများ ဖြစ်သည့် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး တက္ကသိုလ်၊ မီယာဇာကီတက္ကသိုလ်၊ ရခုနော့ဂခုအန်း တက္ကသိုလ်နှင့် ကာဂိုရှီးမား တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၊ မေဂျိုတက္ကသိုလ်၊ ကိုရီးယာနိုင်ငံ ကွန်းဂု တက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန စသည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီး ဖြစ်ကာ မကြာမီကာလတွင် ဂျပန်နိုင်ငံ ရူကျူးတက္ကသိုလ် ဩစတြေးလျနိုင်ငံ ကွင်းစလန်း တက္ကသိုလ်တို့နှင့်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးတော့ မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တရုတ်နိုင်ငံရှိ မွေးမြူဆေးကုတက္ကသိုလ်များတွင် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများအား သုံးနှစ်ဒီပလိုမာ သင်တန်းစေလွှတ်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၄၅ ဦးရှိပြီဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်မှစ၍ Asian Veterinary Volunteer Project (AVVP) အာဆီယံနိုင်ငံ များသို့လည်း ထူးချွန်ကျောင်းသား ကျောင်းသူများအား လေ့လာရေးခရီး သုံးပတ်ကြာ စေလွှတ်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် “မွေးမြူဆေးကု တိုင်းပြည်ပြု” ဆိုသည့် တက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက လိုအပ်ချက်ရှိသော မွေးမြူဆေးကု ဆရာဝန်များ၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် မွေးမြူရေးပညာဘွဲ့ (B.A.Sc) ရရှိသူ ၆၅ ဦးတို့အား ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ မာမာဝင်းက ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး မွေးမြူရေးပညာဘွဲ့ ရရှိသူများထဲမှ တန်းစဉ် အလိုက် စုစုပေါင်း ရမှတ်အများဆုံးရရှိကြသည့် ပထမ မမီကိုဆွေ၊ ဒုတိယ မရွှေစုမွန်နှင့် တတိယ မပပကျော်တို့ကို ဆုများပေး အပ်ချီးမြှင့်ခဲ့သည်။

ယခုနှစ်တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D)ရရှိသူတစ်ဦး၊ တိရစ္ဆာန် မဟာဆေး သိပ္ပံဘွဲ့ (M.V.Sc) ရရှိသူ ၁၆ ဦးနှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (B.V. Sc)ရရှိသူ ၂၂၆ ဦးနှင့် မွေးမြူရေး ပညာဘွဲ့ရရှိသူ ၆၅ ဦး စုစုပေါင်း ၃၀၈ ဦးတို့ကို ဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် တိရစ္ဆာန်ဆေးပညာဘွဲ့သင်တန်းအတွက် ၁၀၀၊ မွေးမြူရေး ပညာဘွဲ့ သင်တန်းအတွက် ၁၅၀ စုစုပေါင်း လူဦးရေ ၂၅၀ကို တက္ကသိုလ် ဝင်တန်း ရမှတ်ပေါ်မူတည်၍ ရွေးချယ်ခေါ်ယူခဲ့ရာ စတင်တည်ထောင်ခဲ့သည့် ၁၉၅၇ ခုနှစ်မှ ယနေ့ အချိန်အထိ ၆၂ နှစ်ကျော်ကာလ အတွင်း ယနေ့ဘွဲ့ယူသူများအပါအဝင် B.A.Sc ဘွဲ့ရ ၁၅၈ ဦး၊ B.V.Sc ဘွဲ့ရ ၅၆၇၂ ဦး၊ DipLIS ဘွဲ့ရ ၂၂ဝ၊ DipLPAဘွဲ့ရ ၄၄၉ ဦး၊ MPhil ဘွဲ့ရ ၂၁ ဦး၊ MVM ဘွဲ့ရ ကိုးဦး၊ M.V.Scဘွဲ့ရ ၂၉၆ ဦးနှင့် Ph.Dဘွဲ့ရ ၂၀ ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ဇင်ဦး၊ ဝေသူနွယ်(မြန်မာ့အလင်း)
ဓာတ်ပုံ – သီဟစည်သူ