ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ (၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ။

လုပ်ကိုင်ခွင့်အသုံးပြုခွင့်ရထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်းအတွက် စိုက်ပျိုးမှု တည်ငြိမ်သောကာလ၌ လယ်ယာမြေအသစ်များအဖြစ် လည်းကောင်း၊ မွေးမြူရေး လုပ်ငန်း များအနေဖြင့်လည်း နိုင်ငံသားများအတွက် ဘေးကင်း လုံခြုံသည့် စားနပ်ရိက္ခာထုတ်လုပ်ရာဌာနများအဖြစ်လည်းကောင်း ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ အား ထိရောက် မှန်ကန်စွာ အကျိုးရှိရှိ အသုံးချလုပ်ကိုင်နိုင်ရေးကို စီမံဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မြေယာပြဿနာ များအား မှန်ကန်မြန်ဆန်စွာ ဖြေရှင်းနိုင်ရေး အတွက် လိုအပ်သော မူဝါဒများချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်သလို တောင်သူလယ်သမားများ အတွက် ထိရောက်စွာ အကျိုးပြုပေးနိုင်မည့် ခိုင်ခံ့သော တောင်သူ လယ်သမားအဖွဲ့အစည်းများဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေးသည် အထူးအရေးကြီးပါကြောင်း၊ မိမိတို့ ဗဟိုကော်မတီ အဖွဲ့ဝင်များအနေဖြင့် အဆိုပါကိစ္စရပ်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း  ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉)နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၀)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  က ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  နှင့်အတူ ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်း တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဌ နှင့် ဗဟိုကော်မတီ ဝင်များ က ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

အစည်းအဝေးတွင် စည်းကမ်းချက် သတ်မှတ်ကာလ ၄ နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန် တကယ် စိုက်ပျိုး လုပ်ကိုင်မှု မရှိသော လုပ်ကိုင်ခွင့် ချထားမြေများ အား ခွင့်ပြုမိန့် ရုပ်သိမ်းရေး နှင့် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့် စာအသစ် ထုတ်ပေးနိုင်ရေး ဆိုင်ရာများ ကိုလည်းကောင်း၊ ယခုအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျောက်ထားလာသည့် လုပ်ငန်းစာတွဲ များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၁၂ခုနှစ်မှစတင်၍ အတည်ပြု ပြဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ မြေခွန်တော် ကင်းလွတ်ခွင့် ကာလ ကုန်ဆုံး ပြီးနောက် အသုံးပြု စိုက်ပျိုးထားသော မြေယာအပေါ် ကောက်ခံရမည့် မြေခွန်တော် ကောက်ခံရရှိရေး ဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် မြေ ၆၁၁၄၅ ဧက အား ပြန်လည်သိမ်းဆည်းကြောင်းဆုံးဖြတ်ခဲ့ရာ သတ်မှတ် ဥပဒေ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြန်လည်သိမ်းဆည်းမြေ ဧရိယာ မှာ စုစုပေါင်းဧကတစ်ဆယ့်ငါးသိန်းကျော် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။