မိမိတို့အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့်သီးနှံများ စားသုံးနိုင်ကြစေရန် နှင့် မိသားစုအိမ်ခြံဝန်း ဥယျာဉ်ထူထောင် စိုက်ပျိုးမှုထွန်းကားလာရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က စီမံ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကူးစက် ကပ်ရောဂါ Covid-19 ကာလဖြတ်သန်းစဉ် အတွင်း ပြည်သူများ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုရရှိစေရန် တိုင်းဒေသကြီး ပြည်နယ် ခရိုင် နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများက မျိုးစေ့ ပျိုးပင်များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ နည်းပညာနှင့် လိုအပ်ချက်များကူညီပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက် ရှိသည်။
ကမ္ဘာ့ကူးစက် ကပ်ရောဂါ Covid-19 ကာလအတွင်း ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ၊တောင်ကြီးခရိုင်အတွင်းရှိ ဒေသနေပြည်သူများ မိသားစုအိမ်ခြံဝန်း ဥယျာဉ်ထူထောင် စိုက်ပျိုး လုပ်ကိုင်နိုင်ရန် မျိုးစေ့၊ ပျိုးပင်သွင်းအားစုများနှင့် နည်းပညာပေးလက်ကမ်းစာစောင် များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့အထိ အိမ်ထောင်စု ၁၀၂၅၈ သို့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ မုန်ညှင်းစိမ်း၊ ထိုင်ဝမ်မုန်ညှင်း၊ ကညွှတ်၊ ပြောင်းချို၊ တရုတ်နံနံ၊ နံနံပင်၊ ကန်စွန်း၊ သခွား၊ ဘူး ၊ ခရမ်းကဇော့၊ ချဉ်ပေါင်၊ ဟင်းနုနယ်၊ ခဝဲ၊ ရုံးပတီ၊ ငရုတ်ချို၊ ရွှေဖရုံ၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပဲလင်းမြွေ စသည့် ဟင်းသီးဟင်းရွက်(၄၂)မျိုး၏ မျိုးစေ့ထုပ်ပေါင်း(၄၄၆၄၅)ထုပ် ၊ ပဲတောင့်ရှည်၊ ငရုတ်၊ ငရုတ်ပွ၊ ခရမ်း၊ မုန်ညှင်းစိမ်း၊ ရုံးပတီ စသည့် ဟင်းသီးဟင်းရွက်ပျိုးပင် (၂၂၈၀)ပင် ၊ နည်းပညာပေးလက်ကမ်းစာစောင် (၆၂၁၉) စောင် ၊ သဘာဝမြေသြဇာ နှင့် ကွန်ပေါင်း ဓါတ်မြေသြဇာများကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။