သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်း GAP လက်တွေ့ ကျင့်သုံးမှု နည်းပညာသင်တန်း အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး

ဒုတိယအကြိမ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအထောက်အပံ့ဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP လက်တွေ့ကျင့်သုံးမှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၀)ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်း လေ့ကျင့်ရေး သင်တန်း ကျောင်း နှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။သင်တန်းဆင်းပွဲအခမ်းအနား တွင် ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ထွန်း က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ၊ ထူးချွန်ဆုများ နှင့် သင်ကြားမှု အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူ ခဲ့ကြသည်။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်း လေ့ကျင့်ရေး သင်တန်းကျောင်း နှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် အတွက် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း (၁၅) ကျောင်း မှ ဆရာ၊ ဆရာမ(၃၀)ဦး တို့အား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP လက်တွေ့ကျင့်သုံးမှုနည်းပညာသင်တန်း ကို စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)တွင် ဇူလိုင်လ (၆)ရက် နေ့မှ (၁၉)ရက်နေ့အထိ ရက်သတ္တ နှစ်ပတ်ကြာ ပို့ချပေးခဲ့ခြင်းဖြစ်သည်။          သင်တန်း တွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ဆောင်ရွက် ရမည့်နည်းလမ်းများ ၊ လိုက်နာရမည့် Module (၄)ခု ၊ Protocol (၁၆)ခုနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးသိပ္ပံများသို့ ပြန်လည်ရောက်ရှိပါက ဆင့်ပွား သင်တန်းများ ပို့ချနိုင်ရန် သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပို့ချပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင်သို့ ဝင်ရောက်ပါက တောင်သူများလက်ဝယ်သို့ GAP ဆိုင်ရာ လိုက်နာ ကျင့်သုံးရမည့် နည်းပညာများ ကို စနစ်တကျဖြန့်ဝေ ပေးအပ် နိုင်ခြင်းဖြင့် အရည်အသွေးမြင့်မားသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။