ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြစိမ်းရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကျင်းပ၊ စံပြကျေးရွာဆုများ ဂုဏ်ပြုချီးမြှင့်

မြစိမ်းရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ် ဆွေးနွေးပွဲ အခမ်း အနား ကို ဒီဇင်ဘာလ ၂၀ ရက် နံနက် ၉ နာရီအချိန် က နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စိုက်ပျိုးမွေးမြူရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီများ မှ ဥက္ကဌ နှင့် အတွင်းရေးမှူးများ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊  စီမံကိန်းကျေးရွာများ မှ ကျေးရွာကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ၂ဝ၁၇ခုနှစ် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း အရ နိုင်ငံလူဦးရေ ၇ဝ ရာခိုင်နှုန်း သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက် လူဦးရေ၏ (၃၀%) ခန့်မှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြောင်း သိရှိရမှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရန် လူမှုရေး၊ စီးပွားရေး နှင့် ပတ်ဝန်းကျင် ဆိုင်ရာ ဘက်စုံ ပြုပြင်ပြောင်းလဲမှု မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိသကဲ့သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ လုပ်ငန်းစဉ်များ နှင့် အညီ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

တောင်သူအများစုမှာ လုပ်ကွက် ငယ်တောင်သူများဖြစ်၍ သွင်းအားစု နှင့် နည်းပညာ  ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေး လိုအပ်နေခြင်းက ကြီးမားသည့် အခက်အခဲ တစ်ခု ဖြစ်စေလျက်ရှိနေသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ ယင်းလိုအပ်ချက် ငွေကြေး အရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေ ကို နိုင်ငံတော် အစိုးရက ပံ့ပိုးပေးနေသကဲ့သို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှလည်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ က တဆင့် ချေးငွေရရှိရေးကို များစွာ အထောက် အကူ ပြုပေးလျက် ရှိပါကြောင်း

စီမံကိန်းတာဝန်ရှိသူများအနေဖြင့် စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် လက်စွဲ စာစောင်ပါ အခြေခံမူများနှင့်အညီ စိစစ်ရွေးချယ်ကြရန် ၊ ရန်ပုံငွေများ ဆုံးရှုံးမှု မရှိစေရေးအလေးထားဆောင်ရွက်ရန် နှင့် ကျေးရွာသူ/သားများ စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်လာ စေရေးအတွက် ပညာပေးစည်းရုံးရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း

စီမံကိန်းဆောင်ရွက်ရာမှာ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ အား တစ်ခုတည်း သာမက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများကပါ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက် ခဲ့ကြပြီး စုပေါင်းစွမ်းအား၏ အကျိုးသတ္တိ Collective Strength ကို ဖော်ဆောင် နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ ကိုလည်းကောင်း ၊ Centre for Good Governance(CGG) အဖွဲ့ မှ တာဝန်ရှိသူများ က မြစိမ်းရောင်ကျေးရွာစီမံကိန်း စစ်တမ်း ကောက်ယူတွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက  မြစိမ်းရောင်ကျေးရွာ စီမံကိန်း စံပြကျေးရွာဆုရရှိသည့် ကျေးရွာများ အား ဂုဏ်ပြုဆုချီးမြှင့်ရာ ဆုရကျေးရွာ ၁၇ ရွာမှ ကိုယ်စားလှယ်များက ဂုဏ်ပြုဆုများအားလက်ခံရယူကြသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ် ဆွေးနွေးပွဲ အခမ်း အနား ဒုတိယပိုင်းတွင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(Eco.Dev) က မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျား/မရေးရာဆိုင်ရာ လေ့လာဆန်းစစ်ခြင်း စစ်တမ်း ကောက်ယူ တွေ့ရှိချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ AERDTC မှ တာဝန်ရှိသူက ကျေးရွာခေါင်းဆောင်မှု သင်တန်း အကဲဖြတ်သုံးသပ်ချက်များအား ရှင်းလင်းတင်ပြခြင်း ကို လည်းကောင်းဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် အဖွဲ့လိုက်ဆွေးနွေးမှုများ၊ ဆွေးနွေးချက်ရလဒ်များအား ပြန်လည်ဆွေးနွေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ ကြသည်။

ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေးအရင်းအမြစ် ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် တို့ကိုရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြို့နယ်(၂၈၉)မြို့နယ်ရှိ ကျေးရွာပေါင်း (၁၁၆၆၅)ရွာ ၌ နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၈၆ဒဿမ၇၁) ဘီလီယံ ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း၊ စီမံကိန်း ကာလ (၆)နှစ်တာ အတွင်း ကျေးလက် အိမ်ထောင်စု (၁ ဒဿမ ၁)သန်း၊ ကျေးလက်လူဉီးရေ (၇ ဒဿမ ၄)သန်းကို အကျိုးပြု စေခဲ့ပြီး ငွေကျပ် (၁၃၆ ဒဿမ ၉၂)ဘီလီယံ တိုးပွားလာခဲ့ ကာ တိုးပွားလာသည့် ငွေများအနက်မှ ငွေကျပ် (၆ ဒဿမ ၆)ဘီလီယံ နှင့် ပြည်သူများ၏ ထပ်မံထည့်ဝင်ငွေ(၃ ဒဿမ ၆)ဘီလီယံ ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၁၁၃၉)ခု ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်းငွေကြေးလည်ပတ်မှုနှုန်း အနေဖြင့် (၉၉ ဒဿမ ၅%) ရှိပြီး အတိုးအရင်းပြန်လည် ပေးဆပ်ရန် ပျက်ကွက်မှုနှုန်း (၀.၅%)သာရှိသဖြင့် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းသိရှိရသည်။