နယ်သတင်းများ

၂၀၂၀ မိုးစပါးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ၌ တိုက်ရိုက်မျိုးစေ့ချစိုက်နည်းဖြင့် မိုးစပါးဧက ၄၀၀၀၀၀ ကျော် စိုက်ပျိုးမည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း တိုက်ရိုက်အစေ့ချ (အစို/အခြောက်) စိုက်နည်းဖြင့် ၄၄၀၈၂၁ ဧက ကို စိုက်ပျိုးနိုင်ရေး စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောပြသည်။
“ဒီကနေ့ဖြစ်နေတဲ့ ရာသီဥတု အခြေအနေ နဲ့ကတော့ အကိုက်ဆုံးစိုက်ပျိုးနည်း စနစ်လို့ ပြောရမှာဖြစ်ပါတယ်၊ တောင်သူတွေကိုအသိပညာပေးတာတွေ၊ လက်ကမ်း စာစောင်ဖြန့်ဝေပေးတာတွေ လုပ်ဆောင်နေတယ်၊ လိုအပ်တဲ့ နည်းပညာတွေ ကိုလည်း မြို့နယ်တိုင်းမှာရှိတဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေက အကူအညီပေးသွား မှာဖြစ်ပါတယ်၊ ဒီစိုက်နည်းက စိုက်ပျိုးပြီးနောက်ပိုင်း မိုးရွာသွန်းလည်း စိုးရိမ်စရာ မရှိဘူး” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆက်လက်ပြောပြသည်။
တိုက်ရိုက်အစေ့ချ(အစို/အခြောက်)စိုက်နည်းစနစ်ဖြင့် စစ်ကိုင်းခရိုင်အတွင်း ဧက ၁၄၅၀၀ ကိုလည်းကောင်း၊ မုံရွာခရိုင်အတွင်း ၃၈၃၃၆ ဧကကိုလည်း ကောင်း၊ ယင်းမာပင်ခရိုင်အတွင်း ၇၉၈၃၇ ဧကကိုလည်းကောင်း၊ ရွှေဘိုခရိုင် အတွင်းဧက ၁၇၄၀၀၀ ကိုလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း ၃၉၈၆၈ ဧကကိုလည်းကောင်း၊ ကသာခရိုင်အတွင်း ဧက ၄၃၅၅၀ ကိုလည်းကောင်း၊ ကလေးခရိုင်အတွင်း ၂၅၃၀၉ ဧကကိုလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း ၃၅၇ ဧကကိုလည်းကောင်း၊ တမူးခရိုင်အတွင်းဧက ၃၄၅၀ ကိုလည်းကောင်း၊ ခန္တီးခရိုင်အတွင်း ၅၅၈၅ ဧကကိုလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၁၆၀၂၉ ဧကကို လည်းကောင်း ယခုဘဏ္ဍာရေးနှစ် မိုးစပါးစိုက် ရာသီအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)