ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၌ နွားမျိုးရည်ခဲချောင်း နှစ်သိန်း ထုတ်လုပ်မည်

စိုက်ပျိုးရေးတွင် သီးနှံအထွက်တိုးစေမည့် ဝတ်မှုန် ကူးခြင်း လုပ်ငန်းကို ဝန်ဆောင်မှု ပြုပေး သည့် ပျားမွေးမြူရေးမှ ထွက်ရှိလာသည့် ပျားရည်ကို အာဟာရဖြည့် အစားအစာများ ဆေးဝါး များ ၌ တွင်တွင်ကျယ်ကျယ် အသုံး ပြုလျက် ရှိခြင်းကြောင့် ပြည်တွင်း ပြည်ပ ဈေးကွက် ရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အစားအစာဘေးကင်း လုံခြုံရေးအတွက် ကောင်းမွန် သော ထုတ်လုပ်မှု ကျင့်စဉ် GMP စနစ်နှင့်အညီ ကျင့်သုံး ဆောင်ရွက်ရန်နှင့် (Hazard Analysis Critical Control Points – HACCP) စနစ်များနှင့်အညီ သန့်စင်ပေး နိုင်ရန် ပျားရည် သန့်စင် အလုပ်ရုံနှင့် ပျားထွက် ပစ္စည်း အလုပ်ရုံများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း မေလ ၁၈ ရက်နေ့က ပျားရည်သန့်စင်အလုပ်ရုံနှင့် ပျားထွက်ပစ္စည်းအလုပ်ရုံများအား ကြည့်ရှု စစ်ဆေး စဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပျားရည်သန့်စင်အလုပ်ရုံနှင့် ပျားထွက်ပစ္စည်း အလုပ်ရုံများတွင် ပျားမွေးမြူရေး၊ ပျားရည်ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနလုပ်ငန်းနှင့် ပုဂ္ဂလိက ကဏ္ဍ ပျားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းငူ ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန် မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု သို့ ရောက်ရှိကြပြီး မျိုးရည်ထုတ်နွားသိုးများမွေးမြူခြင်း၊ မျိုးရည်ခဲချောင်းများထုတ်လုပ်ခြင်း၊ မျိုးရည်ခဲချောင်းများဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင် အရည်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လေ့ကျင့်ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

တိရစ္ဆာန် မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု အနေဖြင့် မျိုးသန့်နွားသိုးငယ်များ ပြုစု ပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နွားမေထုန်မဲ့ သားစပ် ကျွမ်းကျင်သူ သင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် အတွင်း နို့စားနွားမျိုးရည်ခဲချောင်း (၄၀၀၀၀)၊ အသားစားနွား (၅၀၀၀)၊ ခိုင်းနွား (၅၈၀၀၀) စုစုပေါင်းမျိုးရည်ခဲချောင်း (၁၀၃၀၀၀) ချောင်း ထုတ်လုပ်ရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ၊ မေထုန်မဲ့သားစပ်သင်တန်းများကို လည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဒုတိယဝန်ကြီး က (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၌ မျိုးရည်ခဲချောင်း (၂၀၀၀၀၀) ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သော မျိုးနွားသိုးများအား ဝယ်ယူဖြည့်ဆည်းနိုင်ရေး နှင့် နည်းပညာပေး သင်တန်းများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

အလားတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဌာနစိတ် သို့ ရောက်ရှိကြကာ တိရစ္ဆာန် ကာကွယ်ဆေးများ၊ ကုသဆေးများ၊ အားဖြည့်ဆေးများ နှင့် တိရစ္ဆာန် အစာထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဝန်ကြီး က အရည် အသွေး ကောင်း မွန်သော တိရစ္ဆာန်ဆေးဝါးပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသော စံချိန်စံညွှန်းမီ တိရစ္ဆာန်အစာများ တိုးမြှင့် ထုတ်လုပ်ရေး ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။