ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အသား အာဟာရ ပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး ၊ အသား ထုတ်လုပ်မှု ကဏ္ဍ တိုးတက်မြင့်မားရေးကြိုးပမ်း

အသား အာဟာရကို ပြည်သူများ ပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး ၊ အသား ထုတ်လုပ်မှု ကဏ္ဍ တိုးတက်မြင့်မားရေး နှင့် အရည်အသွေးမြင့် ပို့ကုန် အဖြစ် တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် မွေးမြူ ထုတ်လုပ်မှု တိုးချဲ့ရေး၊ အသား ထုတ်လုပ်မှု မြင့်မားသော မျိုးများအဖြစ် မျိုးမြှင့်တင်ခြင်း နှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ အပါအဝင် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်လျက် ရှိကြောင်း အောက်တိုဘာလ (၂) ရက်နေ့က ကျောက်ဆည်မြို့နယ်၊ စွန်ရဲအင်းဒေသ၊ ပုဂ္ဂလိက နွားမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။

နွားမွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် ငွေပင်လယ် နွားမွေးမြူရေးလုပ်ငန်း တွင် မြန်မာ့ တိုင်းရင်း မျိုးကောင်းမျိုးသန့်  နွားမများအား အသားထွက်နှုန်းမြင့်မားသည့် ယင်လင့်နွားမျိုး များ နှင့် မျိုးစပ်ပြီး  ကာလတိုအတွင်း အသားထွက်နှုန်း စံချိန်မီသည့် အသားတိုးနွားများ မွေးမြူ ထုတ်လုပ်လျက် ရှိကြောင်း၊  စပ်မျိုးနွားများအား ၅၀%မှ ၇၅%၊ ၄င်းမှ ၁၀၀%နီးပါး ဖြစ်သည် အထိ မျိုးမြှင့်တင်သွားမည်ဖြစ်ပြီး၊ ရောင်းတန်းဝင် အသားတိုး နွားများ အား စည်သွပ်စက်ရုံ နှင့် ဒေသတွင်းအသားအရောင်းဆိုင်များသို့ ထုတ်လုပ်ပေးလျက်ရှိကာ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘေးထွက် ပစ္စည်းသားရေကို တပ်မတော် သားရေစက်ရုံများ ၏ သားရေ လိုအပ်ချက်  ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စပါးသုတေသနခွဲ ကျောက်ဆည် စိုက်ပျိုးရေး သုတေသနခြံ သို့ ရောက်ရှိကြရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ခြံတာဝန်ခံ တို့က ရေမြေ ဒေသနှင့် ကိုက်ညီပြီး ပိုးမွှား ရောဂါဒဏ် ခံနိုင်သည့် အထွက်ကောင်း စပါးမျိုးသစ်များ မွေးမြူ ထုတ်လုပ် နေမှု ၊ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေ နှင့် လိုက်လျောညီထွေ ဖြစ်မည့် စပါး မျိုးသစ် များ မွေးမြူထုတ်လုပ်နေမှု၊ အရည်အသွေးကောင်း၊ အာဟာရဓာတ် ပြည့်ဝသော စပါး မျိုးများ မွေးမြူ ထုတ်လုပ်နေမှု၊ အထွက်ကောင်း စပ်မျိုးစပါးများ မွေးမြူ ထုတ်လုပ်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ရေမြေရာသီဥတု နှင့် ကိုက်ညီ၍ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး တောင်သူများအတွက် စီးပွားရေးတွက်ချေ ကိုက်သည့် အထွက် ကောင်း မျိုးစပါးများအား သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အထွက်နှုန်းကောင်းပြီး စားသုံးမှု အရည်အသွေး ကောင်းမွန် သော ဆည်ရေသောက်လယ်စပါးမျိုးများ မွေးမြူရွေးချယ်ခြင်း နှင့်  သုတေသန စပါးစိုက်ခင်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။