နိုင်ငံတော်အဆင့်သတင်း

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ “2020 Seed Fair” မျိုးစေ့ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

“2020 Seed Fair” မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက် နေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာ အကြီး အကဲများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် မျိုးစေ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူ လယ်သမားများ၊ မျိုးစေ့ဝယ်ယူသုံးစွဲသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မိမိအနေဖြင့် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေတောင်သူ လယ်သမားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ အချိုးအစား ကြီးကြီးမားမား ရှိနေသော တောင်သူ လယ်သမားများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးတာဝန် တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ၂၀၁၈ခုနှစ် ဒီဇင်ဘာတွင် ဖြည့်စွက် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပြဋ္ဌာန်း ချက် ပါ လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပါ ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း။ထို့ပြင် တောင်သူလယ်သမားဦးရေအချိုးအစား အများဆုံးရှိနေသည့် ကျေးလက် နေ ပြည်သူများ၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရှုထောင့်စုံမှ ဖြည့် ဆည်းပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား ဟု ဆိုရာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်း ကျောင်းနေရသူများပါရှိသကဲ့သို့ ယင်းလုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီး များ မတည်စိုက်ထုတ်၍ အမြဲမပြတ် ကိုယ်တိုင်လုပ်ကိုင်သူ(သို့မဟုတ်) ကြီးကြပ်စီမံ ပေးသူများလည်း ပါဝင်ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူ များလည်း ပါဝင်ပါကြောင်း။

ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုး၊ သားပေါက်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မွေးမြူရေးအစာ နှင့် ဆေးဝါး စသည်တို့ကို အရည်အသွေးပြည့်မီ၍ စျေးနှုန်းမှန်ကန်စွာ ရရှိစေရန်ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ယင်းပစ္စည်းများသည် အာမခံစံချိန်စံညွှန်း ချို့ယွင်းမှု (သို့မဟုတ်) မကိုက်ညီမှုကြောင့် လယ်ယာထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်း၊ အရင်းအနှီး နစ်နာဆုံးရှုံးခြင်းများ ဖြစ်ခဲ့လျှင်လည်း တရားဥပဒေနှင့်အညီ စစ်ဆေးအရေး ယူရန် ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါကိစ္စအားလုံးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင် ရန်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနက တောင်သူလယ်သမားများအနေဖြင့် ပြဋ္ဌာန်း ထားသည့် ဥပဒေအကြောင်းချင်းရာများကို သိရှိနားလည်အောင် ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူ လယ်သမားများ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသည့် သီးနှံများသည် ပြည်တွင်း စားသုံးမှု ဖူလုံပြီး ပိုလျှံသည့် လယ်ယာထွက်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက်တင်ပို့ ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံစွာ မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးခြင်းအပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီထုတ်ပိုးကိရိယာများဖြင့် ထုတ်ပိုး၍ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသအလိုက် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံအမျိုးအစားများအတွက် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီသော သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးသည် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်ပါကြောင်း၊ “မျိုးစေ့မမှန် ပင်မသန်” ဆိုသည့်စကားအတိုင်း သီးနှံ မျိုးစေ့ မကောင်း လျှင် သီးနှံအထွက်နှုန်းလျော့နည်းပြီး တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က မျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကို အားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီး မြှုပ်နှံလိုသူများအနေဖြင့်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားကုမ္ပဏီများ သာမက နိုင်ငံခြားသား ကုမ္ပဏီများပါ ၁ဝဝရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုကို ဆောင်ရွက်နိုင် ကြပြီဖြစ်ပါကြောင်း။

နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများအကျိုးကို ရှေးရှု၍ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများ က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ရေးဆွဲပြဋ္ဌာန်းထားသည့်အတိုင်း တောင်သူ လယ်သမားများ၏ အကျိုးစီးပွားများကို မြှင့်တင်ပေးရာရောက်မည် ဖြစ်ပါကြောင်း။ထို့ပြင် မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ဒေသ၊ ရေမြေရာသီဥတု အနေအထားအရ သီးနှံမျိုးပေါင်းများစွာကို မျိုးစေ့ထုတ်လုပ်ရန် အခြေအနေ ကောင်းများစွာရှိသည့် အတွက် မျိုးစေ့ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီး ပေးနိုင်မည်ဆိုလျှင် မျိုးစေ့ထုတ်လုပ် တင်ပို့သော နိုင်ငံတစ်နိုင်ငံဖြစ်လာ နိုင်ပါ ကြောင်း၊ မျိုးစေ့ထုတ်လုပ်တင်ပို့နိုင်လျှင် တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုးကျေးဇူး ဖြစ်ထွန်းမည်ဖြစ်သည့်အတွက် မျိုးစေ့ ကို နိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူးခြင်းထက် ပြည်တွင်း၌ မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်း လုံလောက်မှုရှိရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီ၍ ဒေသအလိုက်အောင်မြင်ဖြစ်ထွန်းမှုရှိသည့် အရည်အသွေး ကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြရန်လည်း အထူးမှာကြားလို ပါကြောင်း။နိဂုံးချုပ်အနေဖြင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်း တာဝန်များတွင် အပါအဝင်ဖြစ်သော “တောင်သူလယ်သမားများ သွင်းအားစု (မျိုးစေ့)များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံ ဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု “2020 Seed Fair” သည် တတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ မှသည် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် အဆင့်များ အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြပြီး အစိုးရနှင့် ပုဂ္ဂလိကတို့ နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တောင်သူလယ်သမားများ၏ အကျိုး စီးပွားမြင့်မားတိုးတက်စေရေးကို ရည်မှန်း၍ ဆထက်ထမ်းပိုးထမ်းဆောင်ပေးကြပါ ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က ၂၀၂၀ မျိုးစေ့ပြပွဲ ကျင်းပသည့် ရည်ရွယ်ချက်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးကောင်း သီးနှံ မျိုးစေ့များ စဉ်ဆက်မပြတ်ထုတ်လုပ်ပေးနိုင်သည့် စနစ်ကျပြီး မဟာဗျူဟာမြောက် သော နည်းလမ်းများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော မျိုးစေ့လုပ်ငန်းတစ်ရပ် တည်ဆောက်နိုင် ရေးကိစ္စများကို ရှင်းလင်းတင်ပြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများနှင့်အတူ “2020 Seed Fair” မျိုးစေ့ပြပွဲတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် သီးနှံစိုက် ခင်းပြခန်း၊ မျိုးစေ့ပြခန်းများ၊ သစ်သီးဝလံပြခန်း၊ လယ်ယာသုံး စက်ကိရိယာ ပြခန်းများ၊ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ မိုဘိုင်းအပလီကေးရှင်းပြခန်း၊ သရုပ်ပြစိုက်ခင်းများနှင့် မျိုးစေ့အရည်အသွေး စစ်ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

ယနေ့ “2020 Seed Fair” မျိုးစေ့ပြပွဲတွင် ပြခန်းပေါင်း(၄၉)ခန်း၊ သီးနှံ(၂၅)မျိုး နှင့် မျိုးကွဲပေါင်း (၁၀၆)မျိုးပါဝင်သည့် သီးနှံစိုက်ခင်းများကို ခင်းကျင်း ပြသထား ကြောင်းသိရသည်။