ဦးစီးဌာနသတင်းများ

မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR)ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ။

 မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီလ ၂၂ရက် ညနေ ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် အခမ်းအနားကျင်းပရေးလုပ်ငန်းအဖွဲ့တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

အရည်အသွေးကောင်းမျိုးစေ့များသုံးစွဲမှုမြှင့်တင်ရေး၊ မျိုးစေ့ထုတ်လုပ်သူ သုံးစွဲ သူများ ချိတ်ဆက်ဆောင်ရွက်မှုကောင်းမွန် စေရေး၊ တောင်သူများ ပုဂ္ဂလိက လုပ်ငန်းရှင် များ နှင့် မျိုးစေ့ကဏ္ဍတွင်ပါဝင်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး တို့ ကိုရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR)ကို နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကပြခန်းများ အရောင်းဆိုင်များ၊ သီးနှံအလိုက်မျိုးစေ့ ပျိုးပင်များ ၊ စိုက်ခင်းများ ၊ နည်းပညာပေးပြကွက် ပြခန်းများ ခင်းကျင်းပြသမည်ဖြစ်သည်။

ပြပွဲသို့ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြမည်ဖြစ်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာပညာရှင်များက ဖြေကြားရှင်းလင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။