ပြည်ထောင်စုအဆင့်သတင်း

ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုဆွေးနွေး

ကမ္ဘာတစ်ဝှမ်း ပြောင်းလဲလာလျက်ရှိသော ရာသီဥတုနှင့်အတူ လူတို့ အသုံးပြုနေသော ရေချိုရှားပါးမှုသည်လည်း တစ်စထက်တစ်စ တိုးမြင့်လာလျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဆည်မြောင်းတာတမံများအား ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသည့်နည်းတူ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေများ အဆင်ပြေ ချောမွေ့စွာ ရယူသုံးစွဲနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်အတွေ့အကြုံများ ကို အခြေခံကာ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ရေအသုံးချသူများအသင်း ဖွဲ့စည်းထူထောင်ခြင်း၊ လက်စွဲစာအုပ် နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management – PIM)လမ်းညွှန်ချက်စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် တောင်သူ ဦးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက်  လိုအပ်သည့်ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြု နိုင်ရန် ရေအသုံးချသူများ အသင်းအဖွဲ့များမှ တစ်ဆင့် ဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်း ပါဝင်သည့် ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာဆောင်ရွက်မည့်အစီအစဉ်များ ချမှတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း   မေလ (၂၀)ရက် မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ တွင်ကျင်းပပြုလုပ်သည့် ပူးပေါင်းပါဝင်ဆည်မြောင်း စနစ် (PIM) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်မှုဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM – Participatory Irrigation Management) ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ နှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က တင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့သည်။ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) အကူအညီဖြင့် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ဆည်မြောင်းစနစ်များအဆင့်မြှင့်ဆောင်ရွက်သည့် စီမံကိန်း (BWID Project)တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်များ နှင့် ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ အင်ဂျင်နီယာများဖြင့် Task Force အဖွဲ့ကို ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှဦးဆောင်၍ ပူးပေါင်းပါဝင် ဆည်မြောင်း စနစ် လမ်းညွှန်ချက် နှင့် ရေအသုံးချသူများအသင်း ဖွဲ့စည်း ထူထောင်ခြင်း လက်စွဲစာအုပ် ကို ပြုစုရေးဆွဲ ခဲ့ကြောင်း၊ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) မရေးဆွဲရသေးမီ ၂၀၀၀ ပြည့်နှစ် မှစတင်၍ ရေအသုံးချသူများ အဖွဲ့(WUG)များကို ဆည်ရေသောက်စနစ်များတွင် ဖွဲ့စည်းထူထောင်ခဲ့ရာ (WUG)ပေါင်း (၁၂၀၆) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ရေအသုံးချသူများအသင်း (WUA)များ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့သဖြင့် ယနေ့အထိ ရေအသုံးချသူများ အဖွဲ့(WUG) ၁၅၈၇ ဖွဲ့ နှင့် ရေအသုံးချသူများ အသင်း (WUA) ၈ ဖွဲ့ တို့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။