နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

၂၀၁၉ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာ နေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၆ရက်နေ့  နံနက် ၉နာရီတွင်နေပြည်တော်ရှိစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုရှေ့နေချုပ်၊ဒုတိယဝန်ကြီးများ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊နေပြည်တော်ကောင်စီဝင်များ၊နိုင်ငံတကာသံရုံးများမှသံတမန်များ၊ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ပြည်တွင်းပြည်ပအစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင်ဒုတိယသမ္မတကနှစ်စဉ်အောက်တိုဘာ၁၆ရက်တွင်ကျင်းပမြဲဖြစ်သည့်ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားခွင့်ရသည့်အတွက်များစွာဝမ်းမြောက်ပါကြောင်း၊ကမ္ဘာသူကမ္ဘာသားများ၏စားနပ်ရိက္ခာဖူလုံရေးနှင့်ငတ်မွတ်မှုတိုက်ဖျက်ရေးအတွက်ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီးကနှစ်စဉ်ဆောင်ပုဒ်ချမှတ်ပြီးကမ္ဘာ့စားနပ်ရိက္ခာနေ့ကိုကျင်းပလျက်ရှိရာယခုနှစ်ဆောင်ပုဒ်မှာ “ကျန်းမာမျှတအာဟာရ၊ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ယနေ့မှစ၍ကြိုးစားပေး” Our Actions are Our Future, Healthy Diets for a Zerohunger World ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးသည်စားနပ်ရိက္ခာဖူလုံရေးနှင့်ငတ်မွတ်မှုကင်းစင်ရေးကိုပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းကြိုးပမ်းခဲ့ကြသော်လည်းလျှော့ကျခြင်းမရှိဘဲအာဟာရမပြည့်ဝသူဦးရေသည်လက်ရှိတွင်ပြန်လည်မြင့်တက်လာပါကြောင်း၊လူဦးရေအားဖြင့်သန်း(၈၀၀)ကျော်ရှိကြောင်းကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)ကထုတ်ပြန်ထားပါကြောင်း၊ယေဘုယျအားဖြင့်လူ၉ဦးတွင်တစ်ဦးသည်အာဟာရပြည့်ဝမှုမရှိဘဲငတ်မွတ်မှုရှိနေပါကြောင်း၊ယင်းမှာစားနပ်ရိက္ခာများ၏ထုတ်လုပ်မှုပမာဏသာမကအရည်အသွေးမပြည့်ဝမှုများကြောင့်လည်းဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့်မညီညွတ်သည့်စားသောက်မှုပုံစံများသည်ကမ္ဘာတွင်ရောဂါဖြစ်ပွားမှု၊သေဆုံးမှုများ၏အဓိကအရင်းခံအကြောင်းတရားဖြစ်လာနေပါကြောင်း၊ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်ပြီးရေရှည်တည်တံ့သည့်စားနပ်ရိက္ခာများကိုလူတိုင်းရရှိစားသုံးနိုင်ရေးသည်ချက်ချင်းလုပ်ဆောင်ရမည့်လိုအပ်ချက်ဖြစ်ကြောင်းကိုဖော်ပြထားပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင်နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူလူများ၏နေထိုင်သွားလာမှု၊အသက်မွေးမှုနှင့်စားသောက်မှုပုံစံများသည်ပြောင်းလဲလျက်ရှိပါကြောင်း၊အထူးသဖြင့်လူများသည်ရာသီသီးနှံ၊အပင်အခြေခံသီးနှံနှင့်အမျှင်များသည့်အစားအစာတွေအစားကယ်လိုရီများသည့်ပြုပြင်ပြီးအစားအစာများနှင့်အသားစားသုံးမှုများများပြားလာသည်ကိုတွေ့ရပါကြောင်း၊မြို့ပြများတွင်အိမ်၌ချက်ပြုတ်စားသောက်ခြင်းထက်စားသုံးသူများကျန်းမာရေးအတွက်လုံခြုံစိတ်ချရမှုအာမခံချက်အပြည့်အဝမရရှိနိုင်သည့်အသင့်စားအစားအစာများကိုစူပါမားကက်တွေ၊ (၂၄)နာရီဆိုင်များနှင့်စားသောက်ဆိုင်များတွင်ဝယ်ယူစားသောက်မှုအလေ့အကျင့်များသည်ပေါ်ပြူလာစရိုက်သဖွယ်များပြားလာသည်ကိုတွေ့ရပါကြောင်း။

တစ်ဖက်တွင်လည်းရာသီဥတုဖောက်ပြန်မှု၊သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများကြောင့်ကျေးလက်ဒေသတွင်နေထိုင်ပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်အသက်မွေးကြသည့်ပြည်သူများအနေဖြင့်လုပ်ငန်းထိခိုက်ပျက်စီးမှုကနေဝင်ငွေနည်းပါးလာသည့်အတွက်လတ်ဆတ်သည့်အသားနှင့်အာဟာရပြည့်ဝသည့်အစားအစာများကို၎င်းတို့ကိုယ်တိုင်စားနိုင်ရန်အခွင့်အရေးနည်းပါးလျက်ရှိပြီးစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်မှုပမာဏလျော့ကျမှုများကိုလည်းတွေ့ရှိရပါကြောင်း။

FAO ၏တင်ပြချက်အရကမ္ဘာတွင်ရှေးယခင်ကစားနပ်ရိက္ခာအတွက်အပင်မျိုးပေါင်း၆၀၀၀ကျော်စိုက်ပျိုးခဲ့ကြသော်လည်းယခုဆိုလျှင်သီးနှံအပင် (၉)မျိုးခန့်ကိုစုစုပေါင်းသီးနှံအထွက်၏၆၆ရာခိုင်နှုန်းခန့်ထွက်ရှိအောင်ထုတ်လုပ်နေကြပါကြောင်း၊တိုးတက်များပြားလာသည့်ကမ္ဘာ့လူဦးရေကိုကျွေးမွေးနိုင်ရန်၊တစ်နည်းအားဖြင့်တစ်ကမ္ဘာလုံး၏စွမ်းအင်လိုအပ်ချက်၅၀ရာခိုင်နှုန်းကျော်ကိုဖြည့်ဆည်းနိုင်ရန်အဓိကသီးနှံ(၃)မျိုးဖြစ်သည့်ဂျုံ၊ပြောင်းနှင့်ဆန်တို့ကိုအထွက်တိုးနည်းလမ်းများနှင့်ထုတ်လုပ်နေကြခြင်းဖြစ်ပါကြောင်း၊ယင်းနည်းလမ်းများသည်ကျန်းမာမှုနှင့်ပြည့်စုံစေသည့်အစားအစာရရှိစေရန်နှင့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရန်အတွက်အနုတ်လက္ခဏာဆောင်သည့်အကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေလျက်ရှိပါကြောင်းFAO အဖွဲ့ကြီးကသုံးသပ်ထားပါကြောင်း။
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည်နှင့်အညီပြည်သူများစားနပ်ရိက္ခာဖူလုံစေရန်သီးနှံအမျိုးပေါင်း၆၀ကျော်ကိုရာသီအလိုက်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့်ဘေးအန္တရာယ်ကင်းရှင်းပြီးအာဟာရပြည့်ဝသည့်စားနပ်ရိက္ခာများဖူလုံစွာထုတ်လုပ်နိုင်ရန်ချမှတ်ပြီးဖြစ်သည့်“စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ”နှင့်အညီကောင်းမွန်သည့်စီမံအုပ်ချုပ်မှု၊ကုန်ထုတ်စွမ်းအားတိုးတက်စေမှု၊စျေးကွက်ချိတ်ဆက်မှုနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဆိုသည့်မဟာဗျူဟာမဏ္ဍိုင်(၃)ရပ်နှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိအားဖြင့်အဓိကစားသုံးကြသည့်ဆန်နှင့်အခြားသီးနှံထွက်ရှိမှုသည်ပြည်တွင်းစားသုံးမှုအတွက်ဖူလုံလျက်ရှိပြီးပိုလျှံမှုကိုပြည်ပသို့တင်ပို့လျက်ရှိပါကြောင်း၊ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက်အဓိကသီးနှံစပါးအပါအဝင်ရာသီသီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင်ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးစသည့်ဓါတုပစ္စည်းများကိုသုံးစွဲနည်းနှင့်လိုက်နာရန်လမ်းညွှန်ချက်များကိုမလိုက်နာဘဲအလွန်အကျွံသုံးစွဲခြင်းနှင့်ရိတ်သိမ်းဖြန့်ဖြူးမှုမမှန်ကန်မှုများကြောင့်စားသုံးသူများဘေးအန္တရာယ်နှင့်ရောဂါဘယများမဖြစ်စေရန်ရည်မှန်းပြီးပြဋ္ဌာန်းထားသည့်မြေသြဇာဥပဒေ၊ပိုးသတ်ဆေးဥပဒေစသည့်ဥပဒေများ၊နည်းဥပဒေများနှင့်အညီထိန်းကြောင်းအရေးယူခြင်း၊ကိုင်တွယ်သုံးစွဲသည့်တောင်သူလယ်သမားများကိုအသိပညာပေးခြင်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုအပ်ပါကြောင်း။
တစ်ဖက်တွင်လည်းသီးနှံစိုက်ပျိုးခြင်း၊တိရစ္ဆာန်နှင့်ငါးမွေးမြူခြင်းလုပ်ငန်းများတွင်အရည်အသွေးကောင်း၊အထွက်နှုန်းကောင်းသည့်မျိုးများသုံးစွဲရေးအတွက်စည်းရုံးဆောင်ရွက်ပေးနေသည်ကိုတွေ့ရှိပါကြောင်း၊သီးနှံထွက်ကုန်များနှင့်မွေးမြူရေးထွက်ကုန်များဘေးအန္တရာယ်ကင်းရှင်းပြီးအရည်အသွေးပြည့်ဝစေရေးရည်မှန်းပြီးချမှတ်ထားသည့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(Good Agricultural Practice- GAP)၊မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Animal Husbadary Practice-GAHP)၊ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice-GAqP)များကိုလိုက်နာသုံးစွဲကြရန်ပညာပေးလုပ်ငန်းများကိုလည်းထိရောက်အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင်မြန်မာနိုင်ငံတွင်လည်းရာသီဥတုပြောင်းလဲမှုနှင့်အကျိုးဆက်အဖြစ်သဘာဝဘေးအန္တရာယ်များကြောင့်နိုင်ငံ၏သီးနှံ၊သားငါးထုတ်လုပ်မှုအပေါ်အကျိုးသက်ရောက်မှုကိုအချိန်နှင့်တစ်ပြေးညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အထူးသဖြင့်မိုးရာသီကာလအတွင်းလယ်ယာမြေများရေလွှမ်းခံရပြီးသီးနှံထိခိုက်ပျက်စီးမှုများကိုနှစ်စဉ်ကြုံတွေ့ရလျက်ရှိပါကြောင်း၊တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီစားနပ်ရိက္ခာစိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြစ်သည့်တောင်သူလယ်သမားများ၏အကျိုးစီးပွားမထိခိုက်စေရေးနှင့်နစ်နာမှုမရှိစေရေးအတွက်ပံ့ပိုးကူညီမှုများပေးအပ်ရာတွင်မှန်ကန်ထိရောက်မှုရှိအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။


ယနေ့ကမ္ဘာကြီး၏နည်းပညာပြောင်းလဲမှုနှင့်အတူယှဉ်တွဲလာသည့်ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုဖောက်ပြန်မှုတို့သည်စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင်အဓိကအမှီသဟဲပြုနေကြရသည့်ကျေးလက်ဒေသကိုဆိုးကျိုးသက်ရောက်စေပါကြောင်း၊ထိုသို့ဆိုးကျိုးသက်ရောက်မှုကြောင့်လူအများစုမှီတင်းနေထိုင်ရာကျေးလက်ဒေသများတွင်စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှု၊ထွက်ရှိလာသည့်သီးနှံများအရည်အသွေးမပြည့်ဝမှုများ၏အကျိုးဆက်အဖြစ်လူမှုစီးပွားရေးချွတ်ခြုံကျမှု၊စားနပ်ရိက္ခာမပြည့်စုံမှု၊ဘေးကင်းလုံခြုံသည့်စားရေရိက္ခာရှားပါးလာမှု၊ငတ်မွတ်ခေါင်းပါးမှုများနှင့်ရင်ဆိုင်နေကြရပါကြောင်း။
တဖြည်းဖြည်းတိုးတက်လာသည့်လူဦးရေကိုဝလင်စွာကျွေးမွေးနိုင်ရေးအပြင်ကျန်းမာသန်စွမ်းပြီးတောက်ပသည့်အနာဂတ်ကိုပုံဖော်ကြမည့်အနာဂတ်မျိုးဆက်ကိုပြုစုပျိုးထောင်ကြရန်အတွက်ဘေးကင်းပြီးလုံခြုံစိတ်ချရသည့်အစားအစာများထုတ်လုပ်နိုင်ရေး၊ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ကျေးလက်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးစသည့်အဓိကကျသောလုပ်ငန်းတာဝန်များကိုမိမိတို့အနေဖြင့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်မျှော်မှန်းထားသည့်ရလဒ်များရရှိရန်အတွက် (FAO)၏အကူအညီများနှင့်အတူမိမိတို့အစိုးရ၏မှန်ကန်ထိရောက်သည့်မူဝါဒများအပေါ်ဌာနဆိုင်ရာများ၏ထိရောက်အောင်မြင်သည့်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပြည်သူလူထုတစ်ရပ်လုံး၏ပူးပေါင်းပါဝင်မှုများဖြင့်ဟန်ချက်ညီညီနှင့်ဂရုတစိုက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ငတ်မွတ်ခေါင်းပါးမှုကိုပပျောက်အောင်ဆောင်ရွက်နိုင်မှသာအာဟာရပြည့်ဝရေး၊ကျန်းမာကြံ့ခိုင်ရေး၊ပညာရည်မြင့်မားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်ရည်မှန်းချက်များလည်းပြည့်ဝလာမည်ဖြစ်ပါကြောင်း၊ရေရှည်တည်တံ့သည့်အနာဂတ်ကိုပိုင်ဆိုင်ရန်အတွက်ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) ၂၀၃၀ကိုအကောင်အထည်ဖော်ဆောင်ကြရန်မှာကမ္ဘာ့လူသားအားလုံး၏တာဝန်ဖြစ်ပါကြောင်း၊၂၀၃၀ခုနှစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်အမှတ်စဉ်(၂)ပြည့်မီရေးအတွက်ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးကိုအလေးပေးဆောင်ရွက်ရာတွင်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ကူညီထောက်ပံ့မှုများ၊ပူးပေါင်းမှုများရှိနေတယ်ဆိုသော်လည်းမိမိတို့ကသာအဓိကအားဖြင့်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။
ငတ်မွတ်မှုနှင့်အာဟာရချို့တဲ့မှုကိုတိုက်ဖျက်ကြသည့်နေရာတွင်ဆက်စပ်ပတ်သက်နေသည့်လူမှုဘဝလုံခြုံရေး၊ရေရှည်တည်တံ့သည့်စိုက်ပျိုးမွေးမြူရေး၊အာဟာရပြည့်ဝရေး၊ကျန်းမာရေး၊ပညာရေးစသည့်ကဏ္ဍများတွင်အစိုးရပိုင်းအနေဖြင့်မှန်ကန်သည့်မူဝါဒနှင့်လမ်းညွှန်ချက်များချမှတ်နိုင်မှု၊ထိရောက်မြန်ဆန်သည့်ဆက်သွယ်ရေးစနစ်၊ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးမှု၊ရင်းနှီးမြှုပ်နှံသူများအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်မှုများသည်အလွန်ပဲအရေးကြီးပါကြောင်း။


မိမိတို့အစိုးရအနေဖြင့်စားနပ်ရိက္ခာဖူလုံရေး၊ဘေးကင်းလုံခြုံရေးနှင့်အာဟာရပြည့်ဝရေးကဏ္ဍများတွင် (FAO)ကဲ့သို့နိုင်ငံတကာအဖွဲ့အစည်းများနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၎င်းနှင့်ဆက်စပ်နေသည့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊လယ်ယာထုတ်ကုန်မြှင့်တင်ရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်ကဏ္ဍများမှာသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊အခွင့်အလမ်းများဖန်တီးပေးခြင်း၊လိုအပ်သည့်ဥပဒေ၊နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများပြင်ဆင်ပြဋ္ဌာန်းပေးခြင်းစသည့်လုပ်ငန်းများကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)အနေဖြင့်မြန်မာနိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင်နည်းပညာနှင့်ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များစဉ်ဆက်မပြတ်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့မှုများအတွက်မြန်မာပြည်သူများနှင့်နိုင်ငံတော်အစိုးရကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။
ကမ္ဘာ့လူဦးရေ၉ဘီလီယံအတွက်စားနပ်ရိက္ခာများတိုးတက်ထုတ်လုပ်နိုင်အောင်ကြိုးပမ်းဆောင်ရွက်ကြလျက်ရှိပြီးတစ်ဖက်တွင်လည်းဘေးကင်းပြီးအာဟာရပြည့်ဝသည့်အစားအစာမျိုးစုံပိုမိုစားသုံးလာနိုင်အောင်မိမိတို့အားလုံးကြိုးပမ်းကြမှသာ“ကျန်းမာမျှတအာဟာရ၊ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ယနေ့မှစ၍ကြိုးစားပေး”ဆိုသည့်ယခုနှစ်ဆောင်ပုဒ်နှင့်ညီညွတ်ပြီး၊စည်ပင်သာယာဝပြောသည့်ကမ္ဘာကြီးအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည့်အတွက်အစိုးရ၊ပုဂ္ဂလိကနှင့်ပြည်သူအားလုံးကကိုယ်စီတာဝန်ကိုလက်တွဲညီညီထမ်းဆောင်ကြပါရန်တိုက်တွန်းပါကြောင်းပြောကြားသည်။


ဆက်လက်၍သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက၂၀၁၉ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားနှင့်ပတ်သက်၍အမှာစကားပြောကြားပြီး

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Xaiojie Fan ကကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်၏သဝဏ်လွှာကိုဖတ်ကြားသည်။

ယင်းနောက်၂၀၁၉ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်Video ကိုပြသသည်။


ထို့နောက်ဒုတိယသမ္မတသည်အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး၂၀၁၉ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်ပြခန်းများကိုလှည့်လည်ကြည့်ရှုသည်။